သက်တံ့
၂၅. ၅. ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၊ ကာလီမန်တန်တောင်ပိုင်း ဘန်ဂျာမေဆင် (Banjarmasin) ဆိပ်ကမ်းအနီး ရေပြင်တွင် ကုန်တင်ဘာဂျီ (Barge) ရေယာဉ်၏ အလုံပိတ်အခန်းအတွင်း အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးခဲ့ရသည့် မြန်မာသင်္ဘောသား ၃ ဦး၏ ရုပ်အလောင်းများကို မိခင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်လာခဲ့ရာ မေလ ၂၄ ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါ ဝမ်းနည်းဖွယ်ရာ မတော်တဆမှုသည် ပြီးခဲ့သည့် မေလ ၅ ရက်နေ့က Barito Kuala ခရိုင်၊ Sungai Tunjang ရေပြင်၌ ကျောက်ချရပ်နားထားသော BG. Samudra Jaya 2 အမည်ရှိ ကုန်တင်ဘာဂျီရေယာဉ်ပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
သေဆုံးခဲ့ရသည့် မြန်မာသင်္ဘောသား ၃ ဦးနှင့် အိန္ဒိယနိုင်ငံသား သင်္ဘောသား ၁ ဦးတို့မှာ ကာဗွန်ဒိုင်အောက်ဆိုက် အဆိပ်ငွေ့ရှိနေသည့် အလုံပိတ်အခန်းအတွင်း အသက်ရှူကျပ် သေဆုံးခဲ့ရခြင်းဖြစ်ပြီး သေဆုံးသူ မြန်မာနိုင်ငံသား ၃ ဦးမှာ အသက် ၃၈ နှစ်အရွယ် ကိုသူရဇော်၊ အသက် ၃၄ နှစ်အရွယ် ကိုဇော်မင်းထက်နှင့် အသက် ၂၈ နှစ်အရွယ် ကိုဟန်ထူးအောင်တို့ ဖြစ်ကြသည်။
ဖြစ်စဉ်တွင် အလုံပိတ်အခန်းငယ်အတွင်း လိုအပ်သည်များစစ်ဆေးရန် စတင်ဝင်ရောက်သွားသည့် ကပ္ပတိန် သတိလစ်လဲကျသွားသည်ကို တွေ့ရှိရသဖြင့် ကျန်ရှိသည့် သင်္ဘောသားများက မည်သည့် အသက်ရှူအထောက်အကူပြုကိရိယာ (SCBA) မျှ မပါရှိဘဲ အရေးပေါ် ဆင်းရောက်ကူညီရန် ကြိုးပမ်းခဲ့ကြရာမှ အဆိပ်ငွေ့ ထပ်မံမိကာ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
မတော်တဆမှု ဖြစ်ပွားပြီးနောက် အင်ဒိုနီးရှားအမျိုးသား ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (BASARNAS) က ရုပ်အလောင်းများကို ခဲယဉ်းစွာ ဆယ်ယူခဲ့ရပြီး ဒေသခံဆေးရုံတွင် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ကာ သက်ဆိုင်ရာ သံရုံးများနှင့် ချိတ်ဆက်၍ မိခင်နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
မြန်မာသင်္ဘောသား ၃ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ မေလ ၂၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံမှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းလိုင်းဖြင့် ပြန်လည်သယ်ဆောင်လာခဲ့ကြပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) က လေဆိပ်မှ မြောက်ဥက္ကလာပဆေးရုံကြီးနှင့် ရေဝေးသုသာန်သို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
ထိုရက်ပိုင်းအတွင်း မေလ ၇ ရက်ကလည်း MV GUO QIANG 8 ကုန်တင်သင်္ဘောအင်ဂျင်ခန်း အလုံပိတ်နေရာထဲဝင်မိရာမှ မြန်မာသင်္ဘောသား ၂ ဦးဖြစ်သည့် ကိုဝင်းထွဋ်ဝင်းနှင့် ကိုအုပ်စိုးမောင်တို့ အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးခဲ့ပြီး မေလ ၁၈ ရက်တွင် သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။
Ref: BASARNAS









