၂၅.၅.၂၀၂၆
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာရရှိထားတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ ကိုယ်နဲ့ လိုက်ဖက်လို့ဆိုပြီး ကမ်းလှမ်းလာတဲ့ကာရိုက်တာက တာဝန်ကြီးပေမယ့် တာဝန်ကြီးတဲ့ကာရိုက်တာကို လုပ်ဆောင်ရတာ ပိုသဘောကျတယ်လို့ ဆိုပါတယ်။
“ဝိုင်းစုက စည်းဇာတ်ကားကို လက်ခံရိုက်ဖြစ်တာက ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေကြောင့် ရိုက်တာပါ။ ဇာတ်အိမ်လေးကလည်း အချိတ်အဆက်လေးလည်းကောင်းလို့ ပါဝင်ဖြစ်တာပါ။ ဇာတ်ကားတွေပြန်ပြီး ရိုက်ဖို့ပြောကြတာ လွန်ခဲ့တဲ့ ၃၊ ၄၊ ၅ နှစ်လောက်ကတည်းကပါ။ ရှေ့မှာ ဇာတ်လမ်းတွဲလေးတစ်ခုတော့ ဝိုင်းစု ရိုက်ဖြစ်ခဲ့သေးတယ်။ ရုပ်ရှင်ဇာတ်ကားကြီးက ခုမှပြန်ရိုက်ဖြစ်တာပါ။ ဝိုင်းစု မလုပ်ရသေးတဲ့ ကာရိုက်တာတွေလည်း ပါဝင်သရုပ်ဆောင်သွားဖို့ရှိပါတယ်။ ကိုယ့်ကို လိုက်ဖက်လို့ဆိုပြီး ကမ်းလှမ်းလာတဲ့ကာရိုက်တာက တာဝန်ကြီးတယ်။ အဲလို တာဝန်ကြီးတဲ့ ကာရိုက်တာတွေလုပ်ရမှာ ပိုသဘောကျတယ်”လို့ အဆိုတော် သရုပ်ဆောင်ဝိုင်းစုခိုင်သန်းက ပြောပါတယ်။
သူမကတော့ ဇာတ်လမ်းအေးကြည်သာဟန်၊ ဇင်အောင်နဲ့ ဇာတ်ညွှန်းကိုလည်း အေးကြည်သာဟန်နဲ့ Soul of stars တို့က ရေးသားပေးပြီး ဒါရိုက်တာ Peter ရိုက်ကူးမယ့် “စည်း@The line”ရုပ်ရှင်ဇာတ်ကားကြီးမှာ ချမ်းမင်းရဲထွဋ်၊ ဇင်အောင်၊ ဝိုင်းစုခိုင်သိန်း၊ သင်းသဲဗိုလ်တို့နဲ့အတူရိုက်ကူးသွားမှာဖြစ်ပါတယ်။
“တကယ်တော့ ဝိုင်းစုက ငယ်ငယ်လေးကတည်း ဂီတပိုင်းမှာ အဆိုတော်အရမ်း ဖြစ်ချင်ခဲ့တာပါ။ ငယ်ငယ်ကတည်းက သီချင်းဆိုရတာကို အရမ်းဝါသနာပါတာပါ။ ဝိုင်းစု ဂီတပိုင်းတစ်ခုလုံးကို ဇောက်ချပြီးတော့ လုပ်ဖြစ်သွားတာပါ။ ကိုယ့်သီချင်းခွေထွက်ဖို့အတွက်ဆိုရင် ဝိုင်းစု အနုပညာအလုပ်တွေကို ၂ လကျော် ၃ လလောက်နားပြီး အားစိုက်လုပ်ဖြစ်တယ်။ ဝိုင်းစု သီချင်းတွေကို အကုန်စိတ်ထဲကနှစ်ပြီးတော့ ဆိုတာပေါ့နော်။ ဝိုင်းစု ခုကြိုးစားနေတာတွေက အဖေနဲ့အမေ အတွက်ပါပဲ။ ဒါကြောင့် ရလာသမျှ အနုပညာကြေးကို အဖေနဲ့အမေကိုအပ်တယ်။ တချို့စီမံခန့်ခွဲတာတော့ ဝိုင်းစု လုပ်ပါတယ်။ ဝိုင်းစု အဖေနဲ့အမေအတွက် အကောင်းဆုံးတွေ ဆက်လုပ်ပေးချင်ပါတယ်”လို့ အဆိုတော် သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းကပြောပါတယ်။
သူမကတော့ ရုပ်ရှင်ဇာတ်ကားတွေ ပြန်မရိုက်ကူးဖြစ်တာဆိုရင်တော့ ဆယ်နှစ်ကျော်ရှိပြီလို့လည်း သိရပါတယ်။ ဝိုင်းစုခိုင်သိန်းကတော့ မကြာခင်မှာလည်း ကိုယ့်ကြိုက်နှစ်သက်တဲ့ဇာတ်လမ်းပုံစံဆိုရင် ဆက်လက် ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။
#ဝိုင်းစုခိုင်သိန်း #WyneSuKhaingThein #MyanmarSinger #MyanmarActress #စည်း #TheLine





