သက်တံ့
၂၅. ၅. ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံအလယ်ပိုင်းရှိ အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် သံချောင်းများနှင့် ခရီးသည်များကို တင်ဆောင်လာသည့် ကုန်တင်ကား (Truck) တစ်စီး ယနေ့ မေလ ၂၅ ရက် အရုဏ်တက်အချိန်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာမှ အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
မြို့တော်ဒါကာ၏ အနောက်မြောက်ဘက် ၈၃ ကီလိုမီတာ (၅၂ မိုင်) ခန့်အကွာတွင် တည်ရှိသည့် တန်ဂေးလ် (Tangail) ခရိုင်၊ ဆိုရာတွိုင်းလ် (Soratoil) ဒေသ၌ ယနေ့နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်မှာ ယာဉ်မောင်းဖြစ်သူက မော်တော်ယာဉ်ကို မထိန်းချုပ်နိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့အကြီးအကဲ ဖုအတ် ဟိုစိန်က ပြောကြားသည်။
လာမည့်ကြာသပတေးနေ့တွင် ကျရောက်မည့် အစ္စလာမ်ဘာသာရေးပွဲတော်ဖြစ်သော “အီးဒ် အာလ်-အဒ်ဟာ” (Eid al-Adha) ပွဲတော်ရက်မတိုင်မီ အားလပ်ရက်ခရီးထွက်ခွာကြသူများပြားနေချိန်တွင် ၎င်းကုန်တင်ကားသည် မြို့တော်ဒါကာမှ မြောက်ပိုင်းဒေသသို့ ဦးတည်မောင်းနှင်လာစဉ် လမ်းကြုံလိုက်ပါလာသည့် ခရီးသည်များကို တင်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ကုန်တင်ကားတိမ်းမှောက်မှုကြောင့် ခရီးသည်များမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြရခြင်းဖြစ်ကြောင်း မစ္စတာ ဟိုစိန်က ဆိုသည်။

၎င်းက ဆက်လက်၍ သေဆုံး၊ ဒဏ်ရာရရှိသူ ခရီးသည်အများစုမှာ နေ့စားအလုပ်သမားများ ဖြစ်ကြပြီး ပွဲတော်ရက်အတွင်း မိသားစုများနှင့်အတူ ဆုံဆည်းနွှဲပျော်နိုင်ရန် နေရပ်သို့ ပြန်ကြသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။
မော်တော်ယာဉ်တိမ်းမှောက်သံ အကျယ်ကြီးကြားရသဖြင့် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ခဲ့ကြပြီး ကားအောက်တွင် ပိတ်မိနေသည့် ခရီးသည်များကို ဝိုင်းဝန်းကယ်ဆယ်ခဲ့ကြရကြောင်း မျက်မြင်သက်သေများက ရုပ်သံလိုင်းများသို့ ပြောပြခဲ့သည်။
လူဦးရေ သန်း ၁၇၀ ကျော်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကြီးကြပ်မှု အားနည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေ ဆိုးရွားခြင်းနှင့် ကျွမ်းကျင်မှုမရှိသည့် ယာဉ်မောင်းများကြောင့် နှစ်စဉ် လူပေါင်းထောင်ချီ၍ ယာဉ်မတော်တဆမှုများဖြင့် အသက်ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။
Ref: AP & Daily Express

