၂၅.၅.၂၀၂၆
Written by Linn Eain
လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ရန် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများအနက် အချို့သည် နှောင့်ယှက်ဟန့်တားမှုကြောင့် ပြည်သူလူထုလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းသာ ထုတ်လုပ်ပေးနိုင်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီဌာနက သတင်းထုတ်ပြန်သည်။
နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် စီမံကိန်းများအနက် အချို့သည် အမျိုးမျိုးသော နှောင့်ယှက်ဟန့်တားမှု၊ ပယောဂများကြောင့် အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိဘဲ ပြည်သူလူထုလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း ပြည်သူလူထု၏ သုံးစွဲလိုမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ဖြစ်ရာ ဝန်နှင့်အား မမျှတော့ဘဲ ရုန်းကန်နေရသည့်အခြေအနေဖြစ်ကြောင်း ယင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ထို့ပြင် လျှပ်စစ်ထုတ်လုပ်မှု၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံများတွင် ပြန်လည်အသုံးပြုရပြီး ၄ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ရှည်လျားစွာ သွယ်တန်းထားရသည့် မဟာဓာတ်အားလိုင်းကြီးများတစ်လျှောက် အလိုအလျောက် ဆုံးရှုံးသွားသဖြင့် သုံးစွဲသူပြည်သူများထံသို့ ရောက်ရှိချိန်တွင် ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းခန့်သည် သဘောသဘာဝအရ လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အချို့သော ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်များ၊ ဓာတ်အားခွဲရုံများ မဟာဓာတ်အားလိုင်းကြီးများသည် အကြမ်းဖက်ဖျက်ဆီးခံထားရသဖြင့် အပြည့်အဝအသုံးပြုနိုင်မှုမရှိတော့သည့်အတွက် ကျန်ရှိသည့် ဓာတ်အားခွဲရုံများနှင့် မဟာဓာတ်အားလိုင်းကြီးများသည် ဝန်ပိုများ ထမ်းဆောင်နေကြရကြောင်းလည်း ဖော်ပြထားသည်။


အဆိုပါ ဖျက်ဆီးခံရမှုများကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအစောင့်အရှောက်နှင့် ပြည်သူများ၏ အကူအညီများရယူ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများသည် စွန့်လွှတ်စွန့်စားသော စိတ်ဓာတ်များနှင့် ရာသီအချိန်မရွေး ပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ပြင်ဆင်သည့်အချိန်များတွင်လည်း သွားရောက်ရာလမ်းတစ်လျှောက် မိုင်းထောင်ထားခြင်း၊ ပြင်ဆင်နေစဉ်လာရောက် နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ပြင်ဆင်ပြီး ပြန်မည့်လမ်းတစ်လျှောက်တွင် မိုင်းများ ထောင်ထားခြင်းတို့ကြောင့် အချို့ဝန်ထမ်းများ သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါ အခက်အခဲများကြားမှပင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တိုးမြင့်ရရှိလာသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်များသို့ အချိုးကျတိုးမြှင့် ဖြန့်ဖြူးပေးလျက်ရှိရာ နေ့စဉ်ယူနစ် (၅၉ ဒသမ ၄) သန်း ဖြန့်ဖြူးပေးနေရာမှ ယူနစ် (၇၀) သန်းအထိ တိုးမြှင့်လာကြောင်း မေ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားများကို စိစစ်ထုတ်လုပ်၍ ဧပြီ ၂၂ ရက်က စတင်ပြီး အဆင့်ဆင့်တိုးမြှင့် ထုတ်လုပ်ပေးခဲ့ရာ ယနေ့အချိန်အထိ နေ့စဉ် ယူနစ် ၁ဝ သန်းခန့်အထိ တိုးမြှင့်ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။
