၂၅.၅.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လက်ကရာဘန်ခရိုင်ရှိ ကြီးကြပ်စောင့်ကြည့်သူမရှိသော ကား-ရထား လမ်းဆုံဖြတ်ကူးလမ်းနေရာတစ်ခုတွင် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မေလ ၂၄ ရက် နံနက်အစောပိုင်းက ရထားလမ်းကို ဆိုင်ကယ်ဖြင့်ဖြတ်ကူးစဉ် သူမ၏ ဆိုင်ကယ်ကို ကုန်တင်ရထားတစ်စီးက ဝင်တိုက်မိပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
သူမက ဘန်ကောက်မြို့တွင်း Wat Sangkharacha ဘုရားကျောင်းနောက်ဘက်၌ ရထားလမ်းကို ဖြတ်ကူးစဉ် ဤသို့ရထားက ဆိုင်ကယ်ကို တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း မေလ ၂၃ ရက် ည သန်းခေါင်အကျော်၊ မေလ ၂၄ ရက် နံနက် ၁၂ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ထံသတင်းပို့ချက် ရောက်ရှိခဲ့သည်။
ရဲနှင့် ကယ်ဆယ်ရေးလုပ်သားများက ရထားလမ်းဖြတ်ကူးရာမှ မီတာ ၅၀ အကွာရှိ မြက်ခင်းပြင်တွင် အမျိုးသမီး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။
အသက် ၂၁ နှစ်အရွယ် ဘတ်စ်ဆာခွန် ဘွန်စရီဆိုသူ ထိုင်းအမျိုးသမီးမှာ ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ပွန်းပဲ့ဒဏ်ရာများစွာ ရရှိခဲ့သည်။ အနီးအနားတွင် ပြင်းထန်စွာ ပျက်စီးနေသော မော်တော်ဆိုင်ကယ်ကိုလည်း တွေ့ကြရသည်။
ဘန်ဆူးဘူတာသို့ ဦးတည်သော ရထားလမ်းအတိုင်း မီတာ ၁၀၀ ခန့်အကွာတွင် ကုန်တင်ရထား ရပ်တန့်သွားခဲ့ပြီး ရထားမောင်းသူက ရဲများရောက်ရှိလာရန် စောင့်ဆိုင်းနေခဲ့သည်။
စုံစမ်းစစ်ဆေးသူများက အမျိုးသမီးသည် အိမ်သို့ပြန်လာပုံရပြီး ရထားလမ်းသံလမ်းသုံးခုကို ဖြတ်ကူးသည့် တရားဝင်မဟုတ်သော ဖြတ်လမ်းကို အသုံးပြုရန် ကြိုးစားခဲ့ပုံရသည်ဟု ပြောကြားခဲ့သည်။ ထိုတရားမဝင် ကား- ရထား ကြားဖြတ်လမ်းဖြတ်ကူးရန်နေရာတွင် အတားအဆီးများ သို့မဟုတ် မီးများ မရှိပေ။
ရဲများသည် ထိုသို့တိုက်မိမှုမဖြစ်ပွားမီ ရထားဟွန်းကဲ့သို့သော သတိပေးအချက်ပြမှု တစ်စုံတစ်ရာ တီးခတ်ခဲ့ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် ရထားမောင်းနှင့် အခြားသက်သေများကို မေးမြန်းနေကြသည်။
Ref- Bangkok Post
