


သက်တံ့
၂၄. ၅. ၂၀၂၆
မန်ချက်စတာယူနိုက်တက်နှင့် ပေါ်တူဂီ ကွင်းလယ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ် (Bruno Fernandes) သည် ယနေ့ (မေ ၂၄ ရက်) တွင် ယှဥ်ပြိုင် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် နောက်ဆုံးပွဲစဥ်တွင် ယခုရာသီအတွင်း ၂၁ ကြိမ်မြောက် ဂိုးဖန်တီးမှုကို ပြုလုပ်ကာ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်။
မန်ချက်စတာယူနိုက်တက်အသင်း၏ ကြယ်ပွင့်ကစားသမားသည် ဘရိုက်တန်အသင်းနှင့်ပွဲတွင် ပက်ထရစ် ဒေါ်ဂူ (Patrick Dorgu) ဂိုးသွင်းယူနိုင်ရန် ဖန်တီးပေးခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်နှင့် မန်ချက်စတာစီးတီးအသင်းတို့၏ ဂန္ထဝင်ကစားသမားများဖြစ်ကြသော သီယာရီ အွန်နရီ (Thierry Henry) နှင့် ကီဗင် ဒီဘရိုင်း (Kevin De Bruyne) တို့၏ ဂိုးဖန်တီးမှု အကြိမ် ၂၀ စံချိန်ကို ၂၁ ကြိမ်ဖြင့် ကျော်လွန်ကာ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
ဖာနန်ဒက်စ်သည် ပြီးခဲ့သည့်အပတ်က နော့တင်ဟမ်ဖောရက်စ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် အဆိုပါဂန္ထဝင်ကစားသမားနှစ်ဦး၏ စံချိန်ကို လိုက်မှီခဲ့ခြင်း ဖြစ်သည်။
ယူနိုက်တက်အသင်းသည် ရူဘင် အမိုရင် နေရာတွင် မိုက်ကယ် ကာရစ်ကို အစားထိုးခန့်အပ်ခဲ့ပြီးနောက် ယခုရာသီတွင် သိသာထင်ရှားသော အပြောင်းအလဲနှင့် တိုးတက်မှုများကို ကြုံတွေ့ခဲ့ရသည်။
ဖာနန်ဒက်စ်သည် ယခုရာသီတွင်လည်း ယူနိုက်တက်အတွက် အထူးခြေစွမ်းပြသနိုင်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး၊ ၎င်း၏စွမ်းဆောင်ရည်များကြောင့် အသင်းကို ပရီးမီးယားလိဂ်ဇယား၏ အဆင့် (၃) နေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။
ယခုအကြိမ်သည် ၂၀၂၃ ခုနှစ်က အဲရစ် တန်ဟက် (Erik ten Hag) ဦးဆောင်ခဲ့ပြီးနောက်ပိုင်း သရဲနီတို့အဖိူ့ ပထမဆုံးအကြိမ် ထိပ်ဆုံးသုံးသင်းစာရင်းဝင်အဖြစ် ရာသီပိတ်နိုင်ခြင်း ဖြစ်သည်။
ထို့အပြင် ဖာနန်ဒက်စ်သည် အင်္ဂလန်ကွင်းလယ်လူ ဒီကလန် ရိုက်စ် (Declan Rice) က အာဆင်နယ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သော်လည်း၊ ၎င်းကိုကျော်ဖြတ်ကာ ရာသီအကောင်းဆုံးကစားသမားဆု (Player of the Season) ကို ဆွတ်ခူးနိုင်ခဲ့သည်။
ဖာနန်ဒက်ဇ်သည် ယနေ့တွင် ၂၁ ဂိုးအထိ စံချိန်တင် ဂိုးဖန်တီးနိုင်မှုအပြင် ဘရိုက်တန်ကို တတိယမြောက်အနိုင်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပြီး ဘရိုက်တန် ၀ – ၃ မန်ယူ ရလဒ်ဖြင့် ဆက်လက်ယှဥ်ပြိုင်နေဆဲဖြစ်သည်။
