





သက်တံ့
၂၄. ၅. ၂၀၂၆
လူမှုကွန်ရက်တွင် နာမည်ကြီးနေသည့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ အမှိုက်များအပြည်ဖြင့် စီးဆင်းနေသည့် အမှိုက်များဖြင့်ပြည့်နေသည့် ရေမြောင်းအရေးအား မနက်ဖြန် မေ ၂၅ ရက်တွင် ရှင်းလင်းပေးမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်းသန့်က အသိပေးသည်။
မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေကျေးရွာအုပ်စု၊ နွယ်ခွေစံပြကျေးရွာနှင့် ရွာမပိုင်း ရပ်ကွက်၊ ကန်စွန်းနွယ်အပိုင်အကြားရှိ ရေနှုတ်မြောင်းသည် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံသဖြင့် မြောင်းအတွင်း၌ အမှိုက်သရိုက်များနှင့် စွန့်ပစ်ဖော့ဗူးခွံများ မြောပါနေမှုအခြေအနေအား ပြည်သူ တစ်ဦးမှ လူမှုကွန်ရက်(Tik Tok)တွင် တင်ပြထားသဖြင့် ယနေ့ မေ ၂၄ ရက် နံနက် ၁၀ နာရီအချိန်မှ နေ့လယ် ၁ နာရီ ၂၅ မိနစ်အချိန်ထိ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ရွာမပိုင်းရပ်ကွက်၊ ကန်စွန်းနွယ်(၈)လမ်းသွယ်နှင့် (၉)လမ်းသွယ်များသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်လေးလေးမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထူးကျော်၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးသန်းဦး ၊ နွယ်ခွေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မြ၊ ရွာမပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြမောင်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ စုစုပေါင်း အင်အား (၃၀)ဦးတို့မှ (Tik Tok) စာမျက်နှာတွင် တင်ပြထားသည့် အဆိုပါရေမြောင်း၏အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဖွဲ့၏ကွင်းဆင်းစစ်ဆေးချက်အရ အဆိုပါရေမြောင်းသည် ရုပ်ရှင်ရုံရိုးချောင်းဟုခေါ်တွင်ပြီး အရှည်ပေ(၈၀၀၀)ခန့် ရှည်လျားကာ လှော်ကားကန်မှစတင်အခြေပြု၍ တိလောကာရုံရပ်ကွက်၊ လမ်းဆုံပိုင်းရပ် ကွက်၊ ထောက်ကြန့်ဈေးပိုင်းရပ်ကွက်၊ ဒု-စံပြရပ်ကွက်၊ နွယ်ခွေကျေးရွာအုပ်စု၊ ရွာမ ရပ်ကွက်များကိုဖြတ်သန်းပြီးနောက် ရွာမရပ်ကွက်၊ ကန်စွန်းနွယ်အပိုင်အနီးရှိ ဘားလား ချောင်း အတွင်းသို့စီးဝင်သည်ဟု သိရသည်။ အဆိုပါ ရိုးမြောင်းအား မြို့နယ်စည်ပင်သာဌာနမှ ရက်(၁၀၀)ကာလ အထူးသန့်ရှင်းရေး ဆောင်ရွက်မှုအနေဖြင့် ရွာမရပ်ကွက်၊ မြရတုလမ်းအပိုင်အတွင်း မေ ၁၈ ရက်နေ့ က လူအင်အားဖြင့်ရှင်းလင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် အမှိုက်များပိတ်ဆို့နေ သည့်နေရာသည် ရွာမရပ်ကွက်နှင့် နွယ်ခွေကျေးရွာအုပ်စုအကြားရှိ နတ်စင်လမ်းဘေးတွင် (၂၀၀)ပေခန့်သည် အမှိုက်များပိတ်ဆို့လျက်ရှိသည်။ ရိုးမြောင်း၏အကျယ်သည် (၁၀)ပေဝန်းကျင်ခန့်ရှိသော်လည်း ရေမြောင်းအတွင်းသို့ ရပ်ကွက်နေပြည်သူများမှ အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်သောကြောင့် ရေမြောင်း ပိတ်ဆို့နေသဖြင့် ရေမြောင်း၏အချို့နေရာများတွင် ကျဉ်းမြောင်းကာ ရေစီးရေလာ ကောင်းမွန်ခြင်းမရှိတော့ကြောင်း၊ မေ ၂၃ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် အဆိုပါမြောင်းအတွင်း ပိတ်ဆို့နေသောအမှိုက်များသည် စီးမြောလာသဖြင့် အဆိုပါအခြေအနေအား ရပ်ရွာနေပြည်သူတစ်ဦးမှ (Tik Tok)ရိုက်ကူး၍ တင်ပြ ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရုပ်ရှင်ရုံရိုးမြောင်း အရှည်ပေ(၈၀၀၀)ခန့်အနက်မှ ပိတ်ဆို့နေသော ပေ(၂၀၀)ခန့်အား မေ ၂၅ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာဌာနမှ လုပ်သားအင်အား(၃၀)ဦး၊ ရွာမရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ လူအင်အား(၁၀၀)ဦး၊ နွယ်ခွေကျေးရွာအုပ်စုမှ လူအင်အား(၅၀)ဦး၊ စုစုပေါင်း လူအင်အား(၁၈၀)ဦးဖြင့် ပိတ်ဆို့နေသောနေရာများအား စတင်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရေရှည်တွင် ရေစီးရေလာကောင်းမွန်စေရန်အတွက် မြို့နယ်စည်ပင်သာယာဌာနမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ အဆိုပါရိုးမြောင်းအားရှင်းလင်းရန် ဘက်ဟိုးယာဉ်(၁)စီးအား တင်ပြ တောင်းခံထားပြီး ရရှိပါကယာဉ်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
“လိုင်းပေါ်မှာ Hot သွားတဲ့ မင်္ဂလာဒုံမြို့နယ်၊ ရွာမရပ်ကွက်နဲ့ နွယ်ခွေရပ်ကွက် ရေမြောင်းအမှိုက်ပိတ်စို့မှုကိစ္စလေး။ မေ ၁၈ ရက်နေ့က မိုးကြိုကာလ တစ်ကြိမ်ရှင်းပြီးသားပါ။ မေ ၂၃ ရက်နေ့ မိုးကြီးတော့ ဟိုးအပေါ်ရပ်ကွက်များနှင့် ထောက်ကြန့်စျေးများဘက်မှ အမှိုက်များ ရေစီးနှင့်အတူ ထပ်မံပါလာခြင်းဖြစ်ပါသည်။
ထပ်ပါတော့ ထပ်ရှင်းပေါ့ဗျာ။ မေ ၂၅ ရက်နေ့ အင်အားများထုတ်၍ထပ်ရှင်းပါမည်ပေါ့…။ ဖြစ်မှအော်နေခြင်းထက် မိဘပြည်သူများ မည်သူမဆို ရေမြောင်းထဲ အမှိုက်မပစ်ခြင်းကသာ ပြဿနာကို ဖြေရှင်းနိုင်သောအကောင်းဆုံးနည်းဖြစ်ပါလိမ့်မည်…”ဟု ဦးဇော်ဝင်းသန့်က လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အရေးဆောင်ရွက်မှုအပေါ် အသိပေးထားသည်။
