သက်တံ့
၂၄. ၅. ၂၀၂၆
ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အီရန်အသင်းသည် ၎င်းတို့၏ နိုင်ငံ့လက်ရွေးစင်အသင်းကို မက္ကဆီကိုနိုင်ငံ နယ်စပ်မြို့ဖြစ်သော တီဟွာနာ (Tijuana) တွင် အခြေစိုက်သွားမည်ဖြစ်ကြောင်းနှင့် အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်ရှိ လေ့ကျင့်ရေးစခန်းကို ပြောင်းရွှေ့ရန် အီရန်၏တောင်းဆိုချက်အား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အတည်ပြုပေးခဲ့ပြီးနောက် ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက စနေနေ့တွင် ပြောကြားခဲ့သည်။
”ကျွန်တော်တို့ဟာ ပစိဖိတ်သမုဒ္ဒရာနဲ့ နီးကပ်ပြီး မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်မှာရှိတဲ့ တီဟွာနာစခန်းမှာ အခြေစိုက်မှာ ဖြစ်ပါတယ်” ဟု အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မာဒီတာ့ခ်ျ (Mehdi Taj) က ၎င်းတို့၏ Telegram လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည့် ဗီဒီယို၌ ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားခဲ့သော စစ်ပွဲနောက်ဆက်တွဲကြောင့် ဗီဇာဆိုင်ရာ ရှုပ်ထွေးမှုများကို ရှောင်ရှားရန် ယခုကဲ့သို့ ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း၊ အသင်းအနေဖြင့် Iran Air လေကြောင်းလိုင်းဖြင့် မက္ကဆီကိုသို့ တိုက်ရိုက်ပျံသန်းနိုင်မည်ဖြစ်ကြောင်း တာ့ခ်ျက ဖြည့်စွက်ပြောကြားခဲ့သည်။
အီရန်အသင်းသည် အုပ်စု (G) ၏ ပထမဆုံးပွဲစဉ်နှစ်ပွဲကို လော့စ်အိန်ဂျလိစ်မြို့၌ ကစားရမည်ဖြစ်ပြီး ဇွန် ၁၅ ရက်တွင် နယူးဇီလန်၊ ဇွန် ၂၁ ရက်တွင် ဘယ်လ်ဂျီယံတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့နောက် ဇွန် ၂၆ ရက်တွင် စီအက်တဲလ်မြို့၌ အီဂျစ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
”ကျွန်တော်တို့ အခြေစိုက်မယ့်နေရာနဲ့ လော့စ်အိန်ဂျလိစ်က ကွင်းအထိ စုစုပေါင်းအကွာအဝေးဟာ လေယာဉ်နဲ့ဆို ၅၅ မိနစ်ပဲ ကြာပါတယ်” ဟု တာ့ခ်ျက ပြောကြားခဲ့ပြီး တီဟွာနာမြို့သည် ယခင်က စီစဉ်ထားသည့် အရီဇိုးနားစခန်းထက် ပွဲကစားမည့်ကွင်းများနှင့် ပိုမိုနီးကပ်ကြောင်း ဆိုသည်။
အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ယခုကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခရီးသွားလာရေးနှင့် လုံခြုံရေးဆိုင်ရာ စီစဉ်မှုများနှင့်ပတ်သက်၍ အီရန်အသင်းသည် လပေါင်းများစွာ မရေရာမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ၎င်းတို့၏ ပွဲစဉ်များကို အမေရိကန်ပြင်ပသို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုခဲ့ဖူးသည်။
အီရန်တာဝန်ရှိသူများ၏ ယခုလအတွင်း ပြောကြားချက်အရ ပြိုင်ပွဲစတင်ရန် တစ်လပင်မလိုတော့သည့် အချိန်အထိ ၎င်းတို့၏ ကစားသမားများနှင့် အဖွဲ့ဝင်များမှာ အမေရိကန်ဗီဇာ မရရှိသေးကြောင်း သိရသည်။ ၎င်းတို့သည် ပြိုင်ပွဲမတိုင်မီ လေ့ကျင့်ရေးအတွက် တူရကီတွင် ရှိနေစဉ်အတွင်း ဗီဇာလျှောက်ထားမှုများကို စတင်ခဲ့ခြင်းဖြစ်သည်။
ဗီဇာကိစ္စ၊ လုံခြုံရေးနှင့် အီရန်ကိုယ်စားလှယ်အဖွဲ့အပေါ် ဆက်ဆံမည့် အခြေအနေများနှင့်ပတ်သက်၍ စိတ်ချရသည့် အာမခံချက်များပေးရန် ဖီဖာ (FIFA) ထံ တောင်းဆိုထားကြောင်းလည်း တာ့ခ်ျက ဆိုသည်။
အီရန်အသင်းသည် မေလ ၂၉ ရက်တွင် ဂမ်ဘီယာအသင်းနှင့် ခြေစမ်းပွဲကစားရန် ရှိနေပြီး၊ ၎င်းနောက်တွင် နည်းပြ အာမီယာ ဂါလီနွိုင်း (Amir Ghalenoei) က ဇွန် ၁ ရက် ဖီဖာ၏ နောက်ဆုံးရက်မတိုင်မီ ကမ္ဘာ့ဖလားဝင်မည့် အပြီးသတ် ကစားသမား ၂၆ ဦးစာရင်းကို ကြေညာမည်ဖြစ်သည်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အီရန်အသင်းအနေဖြင့် ပွဲကစားချိန်မှသာ မက္ကဆီကိုမှတစ်ဆင့် အမေရိကန်နိုင်ငံအတွင်းသို့ ၅၅ မိနစ်ကြာ ပျံသန်းဝင်ရောက်ကာ ယှဥ်ပြိုင်ခြင်းဖြင့် အမေရိကန်နိုင်ငံအတွင်း ရေရှည်နေထိုင်ချိန် ဖြစ်လာနိုင်သည့် ဗီဇာပြဿနာများနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ရှောင်ရှားနိုင်ရန် ရည်ရွယ်ထားသည်။
Ref: Al Jazeera
