သက်တံ့
၂၄. ၅. ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အသက်အန္တရာယ်စိုးရိမ်ရသည့် ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့မှုမှာ ထိန်းချုပ်မရအောင် ဆိုးရွားလာနေပြီး၊ ပြီးခဲ့သည့် ၂၄ နာရီအတွင်း၌ပင် ကလေးသူငယ် ၁၃ ဦး ထပ်မံသေဆုံးခဲ့သဖြင့် အတည်ပြုပြီးနှင့် သံသယရှိ စုစုပေါင်း သေဆုံးသူအရေအတွက်မှာ ၅၁၂ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။
လက်ရှိတွင် ရောဂါဖြစ်ပွားသည်ဟု သံသယရှိရသူ အရေအတွက် ၆၂,၀၀၀ ကျော်အထိ ရှိလာကြောင်း အစီရင်ခံထားပြီး ယခုကဲ့သို့ အကျပ်အတည်း အကြီးအကျယ် မဖြစ်ပွားမီကတည်းက ကာကွယ်ဆေးပြတ်လပ်မှုများနှင့် ပတ်သက်၍ အာဏာပိုင်များကို အကြိမ်ကြိမ် ကြိုတင်သတိပေးခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ဖော်ပြောကြားလိုက်ရာ အစိုးရ၏ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု အပိုင်းများအပေါ် ပြင်းထန်သော မေးခွန်းထုတ်မှုများ ထွက်ပေါ်နေသည်။
◾ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကလေးငယ်တို့၏ ကိုယ်ခံအားစနစ် လစ်ဟာသွားရခြင်း
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း (EPI) မှတစ်ဆင့် ကလေးသူငယ် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သော်လည်း၊ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆယ်စုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံး ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြုံတွေ့နေရခြင်း ဖြစ်သည်။ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ အဆိုအရ အစိုးရကို ဖြုတ်ချခဲ့သည့် ၂၀၂၄ ခုနှစ် ကျောင်းသားဦးဆောင်သော အုံကြွမှုကာလအတွင်းနှင့် ၎င်းနောက်ပိုင်း ဖြစ်ပေါ်ခဲ့သော မတည်ငြိမ်မှုများကြောင့် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များတွင် လစ်ဟာမှုများ ပိုမိုဆိုးရွားသွားခဲ့ပြီး ကလေးသူငယ်အမြောက်အမြား အကာအကွယ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။
လူဦးရေ ၁၇၅ သန်းရှိသော ဤတောင်အာရှနိုင်ငံသည် ကူးစက်မှုကို တိုက်ဖျက်ရန် အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီး ကလေးငယ် ၁၈ သန်းထံသို့ ရောက်ရှိခဲ့သော်လည်း ကာကွယ်ဆေးထိုးခြင်း၏ အကျိုးသက်ရောက်မှုကို အပြည့်အဝ ခံစားရရန် လပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနက ပြောကြားခဲ့သည်။
◾ ဆေးရုံများ ကြပ်ညပ်နေပြီး နောက်ဆက်တွဲဝေဒနာများ ပြင်းထန်နေ
လူနာများဖြင့် ပြည့်နှက်နေသော မြို့တော်ဒါကာရှိ ဆေးရုံများတွင် ဝက်သက်လူနာများအတွက် သီးသန့်လူနာဆောင်များ ဖွင့်လှစ်ထားရသော်လည်း အထူးကြပ်မတ်ကုသဆောင် (ICU) ခုတင် အရေအတွက် လုံလောက်မှု မရှိသေးပေ။ ကူးစက်မှုအများစုမှာ အသက် ၆ လမှ ၅ နှစ်ကြား ကလေးငယ်များတွင် ဖြစ်ပွားနေပြီး ဆေးရုံသို့ ရောက်ရှိလာသော ကလေးအများအပြားမှာ ဆေးရုံမရောက်မီကပင် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆရာဝန်များက ပြောသည်။
”ဝက်သက်က အလွန်ကူးစက်လွယ်ပေမယ့်၊ တခြားနောက်ဆက်တွဲပြဿနာမရှိတဲ့ ကျန်းမာတဲ့ကလေးဆိုရင် ဆေးဝါးအနည်းငယ်နဲ့တင် အသက်ရှင်နိုင်ပါတယ်၊ ဒါပေမဲ့ ဒီမှာတော့ ကလေးအများစုက အသက်ရှူရခက်ခဲတာ၊ မျက်စိ၊ လည်ချောင်းနဲ့ အဆုတ်တွေမှာ ပိုးဝင်တဲ့ ဝေဒနာတွေနဲ့ ဆေးရုံကို ရောက်လာကြတာပါ” ဟု ဒါကာမြို့ ရှဟီးဒ် ဆူရာဝါဒီ ဆေးဘက်ဆိုင်ရာကောလိပ်နှင့် ဆေးရုံမှ ကလေးအထူးကုဆရာဝန် အိုင်နူလ် အစ္စလာမ် ခန်းက ပြောကြားခဲ့သည်။





◾ ဗီတာမင်အေ (Vitamin A) လှုပ်ရှားမှု ရပ်ဆိုင်းခြင်း၏ သက်ရောက်မှု
ယခုကဲ့သို့ ကူးစက်မှု အခြေအနေ ဆိုးရွားရခြင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်ကျင်းပလေ့ရှိသည့် Vitamin A Plus လှုပ်ရှားမှုကို ၂၀၂၅ ခုနှစ် မတ်လကတည်းက ကျင်းပနိုင်ခြင်း မရှိခြင်းနှင့် အမျိုးသား သန်ချရေးလှုပ်ရှားမှုကို ၂၀၂၄ ခုနှစ် မေလကတည်းက ရပ်ဆိုင်းထားခြင်းတို့ကလည်း အဓိက အကြောင်းရင်းအဖြစ် ပါဝင်နေသည်။ ဤအစီအစဉ်များ ကာလရှည်ကြာ ရပ်နားထားခြင်းက ကလေးများအကြား အာဟာရချို့တဲ့မှုကို ပိုမိုဆိုးရွားစေပြီး ကိုယ်ခံအားကို အားနည်းစေကာ လက်ရှိ ဝက်သက်ရောဂါ ကူးစက်မှုကို ပိုမိုပြင်းထန်စေခဲ့ပုံရသည်။
ဗီတာမင်အေသည် အသက်ရှူလမ်းကြောင်း၊ အူလမ်းကြောင်းနှင့် မျက်စိတို့၏ အကာအကွယ်အလွှာများကို တည်ဆောက်ပေးထားသည့် အပေါ်ယံဆဲလ်တစ်ရှူးများကို ပြန်လည်ပြုပြင်ရန်နှင့် ခုခံအားကို ထိန်းသိမ်းရန် မရှိမဖြစ် လိုအပ်သည်။ ဝက်သက်ရောဂါ ခံစားရချိန်တွင် ခန္ဓာကိုယ်က ဗီတာမင်အေကို အဆမတန် ပိုမိုလိုအပ်လာသဖြင့် ဗီတာမင်အေ ချို့တဲ့မှု အလွယ်တကူ ဖြစ်ပေါ်လာတတ်ပြီး ပြင်းထန်သော နောက်ဆက်တွဲဝေဒနာများကို ခံစားရခြင်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဝက်သက်ရောဂါ ခံစားနေရသော ကလေးငယ်များကို ဗီတာမင်အေ မြင့်မားသောပမာဏ (High-dose) ကို နှစ်ရက်ဆက်တိုက် သောက်သုံးရန် အကြံပြုထားသည်။
◾ ပညာရှင်များ၏ သတိပေးချက်
ဆေးပညာရှင်များကမူ ဗီတာမင်အေသည် ကာကွယ်ဆေးထိုးခြင်းကို အစားမထိုးနိုင်ကြောင်း ပြတ်ပြတ်သားသား သတိပေးထားသည်။ ဝက်သက်ရောဂါသည် အလွန်လျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်သောကြောင့်၊ ကာကွယ်ဆေးထိုးရန် ငယ်လွန်းခြင်း သို့မဟုတ် အဖျားပြင်းထန်လွန်းသဖြင့် ကာကွယ်ဆေး မထိုးနိုင်ရှာသော ကလေးငယ်များကို ကာကွယ်ပေးနိုင်မည့် “အုပ်စုလိုက်ကိုယ်ခံစွမ်းအား” (herd immunity) ကို ထိန်းသိမ်းရန် လူထုအတွင်း ကာကွယ်ဆေးလွှမ်းခြုံမှုနှုန်း ၉၅ ရာခိုင်နှုန်းခန့်အထိ အလွန်မြင့်မားရန် လိုအပ်သည်။
ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေးယဉ်ပါးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Global Antibiotic Resistance Partnership) ကလည်း ကာကွယ်ဆေးထိုးနှံမှု လစ်ဟာခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပိုးသတ်ဆေးယဉ်ပါးမှု (Antimicrobial resistance) ပြဿနာကို ပိုမိုဆိုးရွားစေနိုင်ကြောင်း သတိပေးထားသည်။
ဝက်သက်ရောဂါ ထိန်းချုပ်ရေးသည် ကာကွယ်ဆေးထိုးခြင်း သို့မဟုတ် အာဟာရဖြည့်စွက်ခြင်း တစ်ခုတည်းအပေါ်တွင်သာ မှီခို၍မရဘဲ ခိုင်မာသော ကာကွယ်ဆေးလွှမ်းခြုံမှု၊ သင့်လျော်သောအာဟာရ၊ ဗီတာမင်အေ လှုပ်ရှားမှုများနှင့် သန်ချခြင်းအစီအစဉ်များ ပါဝင်သော ပေါင်းစပ်ဗျူဟာတစ်ခု လိုအပ်ကြောင်းလည်း ပညာရှင်များက ထောက်ပြထားသည်။
Ref: The Daily Star Opinion, AFP & Anadolu
