




၂၅.၅.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် မေလ ၂၄ ရက်နေ့က တစ်ရက်အတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေအိမ်ခြောက်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဖြစ်စဥ်များမှာ မေလ ၂၄ ရက် နံနက်အစောပိုင်းက မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၄)ရှိ သွပ်မိုးထရံကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ်တွင် ရေပူရေအေးစက်အသုံးပြုသည့် ပလပ်ခုံမှအပူလွန်ကဲ၍ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မိနစ် ၃၀ နီးပါးကြာမြင့်ခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် နှစ်စီး၊ ရေသယ်ယာဥ် လေးစီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီမထိုးမီ ၂၅ မိနစ်အလိုတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် အသက် ၅၂ နှစ်အရွယ် အမျိုးသားကြီးကို ပလနနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အလားတူ မေလ ၂၄ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်၊နယ်မြေ (၁၀)ရှိ နေအိမ်တစ်လုံးတွင် မိန်းပလပ်ခုံအပူလွန်ကဲရာမှ အပူလွန်ကဲပြီး အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ငါးလုံး မီးလောင်ဆုံးရှုံးခဲဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုမှာ ၁၆ ပေ ပတ်လည် သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်လူနေအိမ်မှ စတင်လောင်ကျွမ်းခဲ့ပြီး ၃၅ မိနစ်ကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် ၁၆ ပေပတ်လည် သွပ်မိုး၊ထရံကာ၊ မြေစိုက်အိမ် သုံးလုံး၊ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း နှစ်ထပ် နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် နှစ်စီး၊ ရေသယ်ယာဥ် လေးစီး၊ မီးသတ်စက်ယာဥ် တစ်စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။
“အိမ်တွေက နီးနေတော့ မီးကူးမြန်သွားတာ၊ လူထိခိုက်မှုတော့ မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးကပြောသည်။
နေအိမ် ငါးလုံး မီးလောင်မှုကြောင့် အသက် ၂၇ နှစ်အရွယ် အမျိုးသားကို မြစ်ကြီးနားနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ အရေးယူထားကြောင်း သိရသည်။
