၂၁.၅.၂၀၂၆
Written by Linn Eain
မြန်မာ၊ ထိုင်း၊ ဥဇဘတ်ကစ္စတန် သုံးနိုင်ငံမှ အမျိုးသမီးလက်ရွေးစင်အသင်းများ ယှဉ်ပြိုင်မည့် “AYA Bank Tri Nations Women’s Football Invitation Cup – 2026 ” အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇွန် ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
အဆိုပါပြိုင်ပွဲသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံး နိုင်ငံတကာပွဲဖြစ်ပြီး နည်းပြချုပ်အသစ် ဂျပန်လူမျိုးနည်းပြ မစ္စတာ မစ်ဆူအိုကာတို (Mr. Mitsuo Katoh) ၏ ပွဲဦးထွက်ပြိုင်ပွဲလည်းဖြစ်သည်။
ထိုင်း၊ ဥဇဘတ်ကစ္စတန်တို့နှင့် ကစားမည့် ပွဲစဉ်များအပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက် ပြင်ဆင်မှုတစ်ရပ်အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်အသစ်အဖြစ် ဂျပန်လူမျိုးနည်းပြ မစ္စတာ မစ်ဆူအိုကာတို ကို (၂) နှစ်သက်တမ်းရှိ စာချုပ်ဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မေ ၁၈ ရက်တွင် တရားဝင်ခန့်အပ်ခဲ့ကြောင်း သိရသည်။
“AYA Bank Tri Nations Women’s Football Invitation Cup – 2026 ” ၏ ပွဲဦးထွက် ပွဲစဉ်အနေဖြင့် မြန်မာနှင့် ဥဇဘတ်ကစ္စတန်က ဇွန် ၃ ရက်၊ ညနေ ၄ နာရီတွင်လည်းကောင်း၊ ဒုတိယပွဲစဉ်အဖြစ် ထိုင်းနှင့် ဥဇဘတ်ကစ္စတန်က ဇွန် ၆ ရက်၊ ညနေ ၄ နာရီတွင်လည်းကောင်း၊ တတိယပွဲစဉ်အဖြစ် မြန်မာနှင့် ထိုင်းက ဇွန် ၉ ရက်၊ ညနေ ၄ နာရီတွင်လည်းကောင်း ရန်ကုန်မြို့၊ သု၀ဏ္ဏကွင်းတွင် အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ကြိုတင်လက်မှတ်များ မကြာမီရောင်းချပေးမည်ဖြစ်ပြီး ရုပ်သံမှသာ ကြည့်ရှုနိုင်မည့် ပရိသတ်များအတွက် အခမဲ့ရုပ်သံလိုင်းနှင့် YouTube Channel အား အချိန်မီထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြေညာထားသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် လာရောက်ပူးပေါင်းထားသည့် မေထက်လူအပါအဝင် ကစားသမားများသည် သုဝဏ္ဏလူငယ်လေ့ကျင့်ရေးကွင်း ၅ ၌ လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကိုယ်တိုင် မေ ၂၀ ရက် ညနေပိုင်းက သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လက်ရှိ FIFA Women’s Ranking အရ ထိုင်းအသင်းက အဆင့် ၅၀၊ ဥဇဘတ်ကစ္စတန်အသင်းက အဆင့် ၅၃၊ မြန်မာအသင်းက အဆင့် ၅၅ တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။











