၂၁.၅.၂၀၂၆
Translated by Htwe Ko Tun
ကျူးဘားလေတပ်တိုက်လေယာဉ်တွေက အမေရိကန်အရပ်သားလေယာဉ်နှစ်စင်းကို ၁၉၉၆ ခုနှစ်က ပစ်ချခဲ့မှုမှာ မိုင်ယာမီအခြေစိုက် ကက်စထရိုဆန့်ကျင်ရေးလူသားချင်းစာနာထောက်ထားမှုအဖွဲ့မှ အဖွဲ့ဝင်လေးဦး သေဆုံးခဲ့ရမှုအတွက် အမေရိကန်ပြည်ထောင်စုက ကျူးဘားသမ္မတဟောင်း ရာအူးလ် ကတ်စထရိုကို တရားစွဲဆိုခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက မေလ ၂၀ ရက်မှာကြေညာခဲ့ပါတယ်။
ကျူးဘားသမ္မတ မီဂဲလ် ဒိုင်ယက်ဇ်-ကာနယ် ဘာမူဒက်ဇ်ကတော့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ရှုတ်ချခဲ့ပြီး ဥပဒေကြောင်းအရ အခြေအမြစ်မရှိသော နိုင်ငံရေးလှုပ်ရှားမှုသာ ဖြစ်တယ်လို့ ရှုတ်ချ ပြောကြားခဲ့ပါတယ်။
မီဂဲလ်က အမေရိကန်အစိုးရအနေနဲ့ ၁၉၉၆ ခုနှစ် လေယာဉ်များပစ်ချခံရမှုနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေကို လိမ်ညာပြီး ကိုယ်လိုရာ စွဲပြောခဲ့တယ်လို့လည်း အပြစ်တင်ခဲ့ပါတယ်။
ကျူးဘားနိုင်ငံကို နှစ်ကြာရှည်စွာ အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်း ဖီဒယ် ကတ်စထရိုရဲ့ ညီဖြစ်တဲ့ ရာအူးလ် ကတ်စထရိုဟာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားရဲ့ သမ္မတသက်တမ်းအတွင်း ၂၀၁၅ ခုနှစ်မှာ အမေရိကန်နဲ့ သမိုင်းဝင်ပြန်လည်သင့်မြတ်ရေးကို ကြီးကြပ်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က သူ့ရဲ့ ပထမသက်တမ်းအတွင်း ၂၀၁၇ ခုနှစ်မှာပဲ ထိုလုပ်ဆောင်ချက်ကို ဆန့်ကျင်ပြင်ဆင်ခဲ့ပါတယ်။
တရားစွဲဆိုမှုကို မိုင်ယာမီရှိ ပြည်ထောင်စုတရားရုံးမှာ တင်သွင်းအမှုဖွင့်ခဲ့ပြီး အမေရိကန်နိုင်ငံသားတွေကို သတ်ဖြတ်ရန် ပူးပေါင်းကြံစည်မှုတစ်မှု၊ လူသတ်မှုလေးမှုနဲ့ လေယာဉ်ဖျက်ဆီးမှုနှစ်မှုတို့နဲ့ အမှုဖွင့်ခဲ့တယ်လို့ တရားရုံးမှတ်တမ်းများအရ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က စွဲချက်တင်ခြင်းကို အလွန်အရေးကြီးတဲ့ အခိုက်အတန့်အဖြစ် သတ်မှတ်ခဲ့ပြီး အမေရိကန်အစိုးရဟာ ကျူးဘားကို လွတ်လပ်ခွင့်ပေးနေခဲ့တယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီအိုက ရေနံရှားပါးမှုကြောင့် ကျူးဘားနိုင်ငံအတွင်း တစ်နေ့တာရဲ့ အများစုမှာ လျှပ်စစ်မီးပြတ်လပ်နေတဲ့အပြင် ကျူးဘားနိုင်ငံသားတွေမှာ မယုံနိုင်လောက်အောင် ခက်ခဲကြမ်းတမ်းမှုတွေ ကြုံတွေ့နေရတယ်လို့ ပြောခဲ့ပါတယ်။
သူက ကျူးဘားစစ်တပ်မှ ကျောထောက်နောက်ခံပေးထားတဲ့ Gaesa ကုမ္ပဏီဟာ သာမန်ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ နိုင်ငံရဲ့ အထက်တန်းလွှာတွေကို ချမ်းသာကြွယ်ဝစေတဲ့ အပြစ်ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။
ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ်ကတော့ ရူဘီယိုရဲ့ ကြေညာချက်ကို အပေါ်ယံ သက်သက်ဖြစ်ပြီး မှားယွင်းတဲ့ သတင်းအချက်အလက်တွေ ပါဝင်နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
Ref -DW News
