၂၁.၅.၂၀၂၆
Written By Thandar
ကိုရီးယားနိုင်ငံ ဘူဆန်မြိုမှာ ကျင်းပတဲ့ FLY Film Festival 2025 ပွဲအဖွင့်မှာ ပြသခွင့်ရခဲ့တဲ့ Musical Drama Romance ဇာတ်လမ်းပုံစံ “ညမွှေးပန်းလေးရဲ့ ကျောက်ပုစွန်…” ရုပ်ရှင်ဇာတ်ကား Grand National Premiere အခမ်းအနားကို မေလ ၂၀ ရက် ညပိုင်းက ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ဦးကြည်စိုးထွန်း၊ အကယ်ဒမီဆွေဇင်ထိုက်၊ နေမင်း၊ မင်းသန့်မောင်မောင်၊ ဦးနေ၊ ဝင်းသပြေထွန်း၊ အီတိုး၊ မိတ်ကပ်ခင်စန်းဝင်း၊ စည်သူလွင်၊ ဇော်ပိုင်၊ ဖိုးကာ စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော်နဲ့အတူ ကျွန်တော့်လို ရုပ်ရှင်ကိုရူးသွပ်တဲ့ လူငယ်တစ်စုဟာ ဒါရိုက်တာကိုပြည့်ဇော်ဖြိုးရဲ့ စိတ်ကူးတစ်ခုပုံပေါ်လာစေဖို အားလုံးတက်ညီလက်ညီနဲ့ ပူးပေါင်းပြီး ဖန်တီးပုံဖော်ခဲ့ကြတာ အချိန်တစ်နှစ်ခွဲကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ဗုံဗုံ့ကိုလည်း ဇာတ်ကား ရိုက်ကူးဖို့ တော်တော်လေးကို စည်းရုံးပြီး ရိုက်ခဲ့တာပါ။ ပရိသတ်တွေ မြင်တွေ့နေကြမဟုတ်တဲ့ သရုပ်ဆောင်တွေကို ဟင်နရီစံရယ် ညီမလေး ပန်းရောင်နဲ့ ဇာတ်ကားတွေ ရိုက်ကူးရေး လုပ်လေ့မရှိတဲ့ ဗုံဗုံကို ထည့်သုံးထားပါတယ်။ ဗန်ကောက်၊ ပတ္တရားတို့မှာ အကောင်းဆုံးပုံဖော်ထားတဲ့ ချစ်စရာကောင်းတဲ့ Musical ရိုမန့်ဇာတ်လမ်းလေးပါ။ ဒီဇာတ်ကားမှာဆိုရင် ဇာတ်ဝင်တေး သီချင်းတွေကို ၇ ပုဒ်လောက်သုံးထားပါတယ်”လို Producer ထုတ်လုပ်သူ သရုပ်ဆောင် စည်ဖြိုးက ပြောပါတယ်။
Ever Top Production က Executive Producer ဒေါ်သီသီဝင်း၊ Producer ထုတ်လုပ်သူ စည်ဖြိုးတို့ရဲ့ အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာ ပြည့်ဇော်ဖြိုးက ၂၀၂၄ ခုနှစ် ဇူလိုင်လနေ ၂၀၂၅ အောက်တိုဘာလအထိ အချိန်ယူကာ မြန်မာပြည်နဲ့ ထိုင်းနိုင်ငံ ဗန်ကောက်၊ ပတ္တရားတို့မှာ ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ဟင်နရီစံ၊ ဗုံဗုံ၊ အကယ်ဒမီမင်းဦး၊ စည်ဖြိုး၊ ပန်းရောင်ခြယ်၊ လင်းဇာနည်ဇော်၊ အကယ်ဒမီ ချိုပြုံး၊ ခင်လွှမ်း စတဲ့ အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
“ညမွှေးပန်းလေးရဲ့ကျောက်ပုစွန်” I wanna be your Lobster… ရုပ်ရှင်ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှာ ကိုရီးယားနိုင်ငံ ဘူဆန်မြိုမှာကျင်းပမယ့် FLY Film Festival 2025 ရဲ့အဖွင့်ရုပ်ရှင် (Opening Film) အနေနဲ့ ရုပ်ရှင်ပွဲတော်မှာ Special Screening အဖြစ် ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကို မနက်ဖန် မေလ ၂၂ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာလည်း ဖြစ်ပါတယ်။
#ဟင်နရီစံ #ဗုံဗုံ #ပန်းရောင်ခြယ် #စည်ဖြိုး #HenrySan #BonBon #PanYaungChel #SiPhyo #MinOo #LinZarNiZaw #Romance #Iwannabeyourlobster #ညမေးပန်းလေးရဲ့ကျောက်ပုစွန်ရုပ်ရှင်ကားကြီး #MyanmarActor #MyanmarSinger











