နေမိုး
၂၁. ၅. ၂၀၂၆
နေအိမ်တွင်ရှိနေသော လက်နက်မဲ့အုပ်ချုပ်ရေးမှူးကို PDF များ ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်မှု မလှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မေ ၁၈ ရက် မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဝါးခွကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်း(၆၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF များ (အင်အားစိစစ်ဆဲ) ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားကာ ပြူကန်ကျေးရွာအနီး အရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှိ၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
