၂၁.၅.၂၀၂၆
Translated by Htwe Ko Tun
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ လူအများအပြားသေဆုံးခဲ့ရတယ်ဆိုတဲ့ မူးယစ်ဆေးဝါး နှိမ်နင်းမှုမှာ အဓိက အခန်းကဏ္ဍကပါဝင်ခဲ့လို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှ အလိုရှိနေတဲ့ အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ရော်နယ် ဘာတို ဒယ်လာ ရိုဆာကို ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ကို ဖိလစ်ပိုင်အစိုးရက မေလ ၂၁ ရက်မှာအမိန့်ပေးခဲ့ပါတယ်။
အထက်လွှတ်တော်အမတ် ရော်နယ် ဘာတို ဒယ်လာ ရိုဆာက ဖိလစ်ပိုင်နိုင်ငံမှာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲကို သမ္မတ ဒူတာတေး လက်ထက်က ရဲချုပ်အဖြစ် တာဝန်ယူ အကောင်အထည်ဖော်သူဖြစ်ပါတယ်။
ICC က ဖမ်းဝရမ်းအထုတ်ခံထားရတဲ့ ဒယ်လာရိုဆာဟာ ပြီးခဲ့တဲ့အပတ်မှာတော့ အထက်လွှတ်တော် အဆောက်အအုံအတွင်း ဖမ်းဆီးမှုမှ ဝင်ရောက်တိမ်းရှောင်နေခဲ့တာပါ။ မေလ ၁၃ ရက်ညမှာတော့ မက်ထရို မနီလာ အမျိုးသားမြို့တော်နယ်မြေရှိ အထက်လွှတ်တော် အဆောက်အအုံအတွင်း သူ့ကို ဝင်ရောက်ဖမ်းဆီးဖို့ ကြိုးစားတဲ့ အစိုးရစုံထောက်တွေနဲ့ အထက်လွှတ်တော်လုံခြုံရေးဝန်ထမ်းတွေကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရပါသေးတယ်။ ဒီနောက် နာရီပိုင်းအကြာမှာ ဒယ်လာ ရိုဆာဟာ အထက်လွှတ်တော် အဆောက်အအုံမှ ထွက်ပြေးတိမ်းရှောင်နေခဲ့တာပါ။
“ဖိလစ်ပိုင်ဥပဒေစိုးမိုးရေးအဖွဲ့တွေဟာ အထက်လွှတ်တော်အမတ် ရော်နယ် ဘာတို ဒယ်လာ ရိုဆာကို ဖမ်းဆီးဖို့ တာဝန်ပေးအပ်ခံရတယ်ဆိုတာ အတည်ပြုပါတယ်” လို့ တရားရေးဝန်ကြီး ဖရက်ဒရစ် ဗီဒါက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ICC ဟာ ဒယ်လာ ရိုဆာကို ဒူတာတေးနဲ့ တခြားစွပ်စွဲခံထားရသူတွေနဲ့အတူ လူသားမျိုးနွယ်အပေါ် လူသတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပါတယ်။
ထိုနေ့မှာပဲ အစိုးရစုံထောက်တွေက အထက်လွှတ်တော်လှေကားထစ်တွေတစ်လျှောက် ရိုဆာ ဒယ်လာကို ထိတ်လန့်ဖွယ်လိုက်လံဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် အထက်လွှတ်တော်ခေါင်းဆောင်တွေက သူ့ကို ခိုလှုံခွင့်ပေးခဲ့တာကြောင့် နောက်ပိုင်းမှာ သူတို့ကြိုးပမ်းမှုကို ခေတ္တရပ်ဆိုင်းထားခဲ့ရပါတယ်။
မေလ ၁၃ ရက်ညမှာတော့ အစိုးရစုံထောက်တွေက အထက်လွှတ်တော်အဆောက်အအုံအတွင်း ဝင်ရောက်ပစ်ခတ်ဖမ်းဆီးဖို့ ထပ်မံကြိုးစားပြီးနောက် ထွက်ပြေးသွားတဲ့ အထက်လွှတ်တော်အမတ် ရော်နယ် ဘာတို ဒယ်လာ ရိုဆာ ဘယ်ရောက်နေလဲ ခြေရာမခံနိုင်ကြသေးပါဘူး။
ယခင်သမ္မတ ဒူတာတေးဟာလည်း ၂၀၂၅ ခုနှစ်အတွင်းမှာ ဖမ်းဆီးခံခဲ့ရပြီး မူးယစ်ဆေးဝါးနှိမ်နင်းမှုမှ ပေါ်ပေါက်လာတဲ့ စွဲချက်တွေနဲ့ သည်ဟိဂ်မြို့ရှိ ICC တရားရုံးမှာ ရုံးတင်စစ်ဆေးမှု ခံနေရတာပါ။
လူ့အခွင့်အရေးစောင့်ကြည့်သူတွေက ဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲဟာ လူထောင်ပေါင်းများစွာကို သေဆုံးစေခဲ့ပြီး အများစုမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ မြို့ပြဆင်းရဲသား ရပ်ကွက်တွေမှ အောက်ခြေအဆင့် မူးယစ်မှောင်ခိုသမားတွေလို့ ဆိုခဲ့ကြပါတယ်။
၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဒူတာတေးရဲ့ သမ္မတသက်တမ်းအတွင်း ရဲတပ်ဖွဲ့ရဲ့ တရားဝင်စစ်ဆင်ရေးတွေမှာ မူးယစ်ဆေးဝါးသံသယရှိသူ ၆,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဒယ်လာရိုဆာက ဒူတာတေးလက်ထက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုရဲ့ အစောပိုင်းအဆင့်မှာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့မှ အငြိမ်းစားယူပြီးနောက် အထက်လွှတ်တော်မှာ ခြောက်နှစ်သက်တမ်းနှစ်ကြိမ်ဆက်တိုက် ရွေးကောက်တင်မြှောက်ခံခဲ့ရတာပါ။
Ref- AFP
