သက်တံ့
၂၁. ၅. ၂၀၂၆
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်ရက်ချာစီမာ (ကိုရတ်) မြို့ရှိ ဂျီရာဘူတာရုံအနီး ရထားလမ်းဘေးတွင် ပြင်းထန်သော ဓားဒဏ်ရာများဖြင့် လဲကျနေသည့် မြန်မာနိုင်ငံသားတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က မေလ ၂၁ ရက်တွင် ပြောကြားသည်။
ယမန်နေ့ မေလ ၂၀ ရက် ညနေပိုင်းက မောင်းခရိုင်၊ ဂျီရာလမ်းရှိ ရထားလမ်းအနီးတွင် ဓားထိုးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းပေးချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်နေရာသို့ မောင်းနခွန်ရက်ချာစီမာ ရဲစခန်းမှူး ရဲမှူးကြီး သီရိချိုင် ဆရီချိုင်ပန်ညာဦးဆောင်သော ရဲအရာရှိများသည် ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားချိန်တွင် အိတ်တစ်လုံးကို ပွေ့ပိုက်လျက် မြေပြင်ပေါ်တွင် ပြင်းထန်ဒဏ်ရာများဖြင့် လဲကျနေသည့် အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ရသည်။
ဓားထိုးခံရသူမှာ အသက် ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ကိုအောင်ကျော်စိုးဖြစ်ပြီး ၎င်း၏ ညာဘက်ရင်အုံတွင် ပြင်းထန်သော ဓားထိုးဒဏ်ရာ ရရှိထားကြောင်း အာဏာပိုင်များက ပြောသည်။ ကယ်ဆယ်ရေးဝန်ထမ်းများက ၎င်းအား အခင်းဖြစ်ပွားရာနေရာ၌ပင် ရှေးဦးသူနာပြုစုမှုများ ပြုလုပ်ပေးခဲ့ပြီးနောက် ဆေးကုသမှု ခံယူနိုင်ရန်အတွက် မဟာရက်နခွန်ရက်ချာစီမာ ဆေးရုံ (Maharaj Nakhon Ratchasima Hospital) သို့ ပို့ဆောင်ပေးခဲ့သည်။
အခင်းဖြစ်ပွားရာနေရာတွင် အဝတ်အထည်များနှင့် အရက်ပုလင်းအချို့ကို တွေ့ရှိခဲ့ရသော်လည်း ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓား သို့မဟုတ် သံသယရှိသူကိုမူ မတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ စုံစမ်းစစ်ဆေးရေးအရာရှိများကမူ တိုက်ခိုက်သူသည် ဝေးဝေးလံလံ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်း မရှိသေးဟု ယူဆထားပြီး ပြစ်မှုကျူးလွန်သူကို လိုက်လံရှာဖွေလျက်ရှိသည်။
ဒေသခံပြည်သူများ၏ ပြောကြားချက်အရ အဆိုပါနေရာသည် တရားမဝင် အမှိုက်စွန့်ပစ်ရာနေရာတစ်ခုဖြစ်ပြီး စွန့်ပစ်ထားသည့် ဆိုဖာများနှင့် အခြားပစ္စည်းများ ရှိနေခြင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူများ လာရောက်ခိုလှုံလေ့ရှိကြောင်း သိရသည်။
ဒေသခံတစ်ဦးက ဆိုဖာအဟောင်းတစ်ခုအနီးရှိ အမှိုက်ပုံဘေးမှ အကူအညီတောင်းခံကာ အော်ဟစ်သံများကို ကြားခဲ့ရသဖြင့် လမ်းကိုဖြတ်ကူးကာ သွားရောက်ကြည့်ရှုရာတွင် ဒဏ်ရာရရှိထားသည့် အမျိုးသား မြေပြင်ပေါ်၌ လဲကျနေသည်ကို တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့နှင့် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ထံ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။
မျက်မြင်သက်သေက ၎င်းအနေဖြင့် တိုက်ခိုက်သူကို မတွေ့ရှိခဲ့ဘဲ အခင်းဖြစ်ပွားရာနေရာတွင် ဒဏ်ရာရရှိသူကိုသာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: Khaosod
