၂၁.၅.၂၀၂၆
Written by Linn Eain
မျိုးသုဉ်းအန္တရာယ်ရှိနေသည့် ရှားပါးစာရင်းဝင် လူဝံ (Bornean Orangutan) စုံတွဲ စတင်ရောက်ရှိလာကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ယနေ့ မေ ၂၁ ရက်တွင် အသိပေးထားသည်။
မလေးဘာသာစကားအရ “သဘာဝတောတွင်းလူသားကြီးများ” ဟု အဓိပ္ပာယ်ရသည့်”လူဝံ” (Bornean Orangutan)သည် လူသားမျိုးနွယ်စုများနှင့် ဗီဇအနီးစပ်ဆုံးဖြစ်ပြီး အလွန်ဉာဏ်ရည်ထက်မြက်ကြသည် အမြှီးမပါသည့် မျောက်ဝံ (Ape) မျိုးနွယ်စုဝင်ဖြစ်ကြောင်း သိရသည်။
လူဝံ” (Bornean Orangutan) မျိုးစိတ်သည် လက်ရှိ သဘာဝတောတွင်း၌ မျိုးသုဉ်းရန် အန္တရာယ်နှင့် အလွန်နီးကပ်နေသည့် (Critically Endangered Species) စာရင်းဝင် ရှားပါးတိရစ္ဆာန်ဖြစ်ပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် လူဝံများကို လွန်ခဲ့သည့် နှစ်ပေါင်း (၄၀) ခန့်က နောက်ဆုံးပြသခဲ့ဖူးကြောင်း သိရသည်။
ယခုတစ်ကျော့ပြန် ပြသထားသည့် လူဝံ အထီးလေးကို လီယိုဟုလည်းကောင်း၊ လူဝံ အမလေးကို ပင်ကီဟုလည်းကောင်း အမည်ပေးထားပြီး ချစ်စရာကောင်းသော အပြုအမူနှင့် လှုပ်ရှားမှုဟန်ပန်များရှိကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က လာရောက်ကြည့်ရှုနိုင်ရန် အသိပေးဖော်ပြထားသည်။
လူဝံမျိုးစိတ်များကို အရှေ့တောင်အာရှရှိ ဆူးမားတြားနှင့်ဘော်နီယိုကျွန်းဆွယ်များ၌ တွေ့ရှိနိုင်ပြီး သဘာဝတောထဲတွင် သစ်ပင်အမြင့်များပေါ် အသိုက်ဆောက်ကာ နေထိုင်လေ့ရှိကာ ရှည်လျားသန်မာသော လက်များကို အသုံးပြု၍ တစ်ပင်မှတစ်ပင် ကူးသန်းသွားလာတတ်ကြောင်း သိရသည်။
ထို့ပြင် ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်ပြီး အသုံးအဆောင်ပစ္စည်းများကိုပါ ကိုင်တွယ်အသုံးပြုနိုင်လောက်အောင် ဉာဏ်ရည်မြင့်မားလှကြောင်း သိရသည်။






