၂၁.၅.၂၀၂၆
Written by Linn Eain
တိုးမြင့်ရရှိလာသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်များသို့ အချိုးကျတိုးမြှင့် ဖြန့်ဖြူးပေးလျက်ရှိရာ နေ့စဉ်ယူနစ် ၅၉ ဒသမ ၄ သန်း ဖြန့်ဖြူးပေးနေရာမှ ယူနစ် သန်း ၇၀ သန်းအထိ တိုးမြှင့်လာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မေ ၂၁ ရက်တွင် ထုတ်ပြန်သည်။
ထိုသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားများကို စိစစ်ထုတ်လုပ်၍ ဧပြီ ၂၂ ရက်က စတင်ပြီး အဆင့်ဆင့်တိုးမြှင့် ထုတ်လုပ်ပေးခဲ့ရာ ယနေ့အချိန်အထိ နေ့စဉ် ယူနစ် ၁ဝ သန်းခန့်အထိ တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူ့ဆေးရုံကြီးများ၊ အရေးကြီးဌာနဆိုင်ရာများ၊ LNG ဖြင့် ဓာတ်အားရယူထားသော စက်မှုဇုန်များ၊ စီးပွားရေးလုပ်ငန်းများသို့ အချိန်ပြည့်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားပြီး ရုံးပိတ်ရက်များတွင် အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးလျက်ရှိကြောင်းလည်း သိရသည်။
သို့သော် ပူပြင်းသည့် ယခုအချိန်အခါများတွင် သုံးစွဲမှုမှာ သိသာစွာတိုးမြှင့်လျက်ရှိသဖြင့် နေရာဒေသအလိုက် အလှည့်ကျ အချိန်ပိုင်းဝန်အားလျှော့ချ၍ ဆောင်ရွက်နေရပြီး ယင်းသို့ လျှပ်စစ်မီး ပြန်လည်ပေးဝေသည့်အချိန်များတွင် တစ်ပြိုင်တည်း ရယူသုံးစွဲကြသဖြင့် Starting Load များမြင့်တက်ပြီး ဓာတ်အားပြတ်တောက်ခြင်းအပြင် မမျှော်မှန်းနိုင်သည့်အခြေအနေများဖြစ်သည့် မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မြေပြိုခြင်းများ စသည့်အခြေအနေများကြောင့် အချိန်ပိုင်းဓာတ်အားပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်များ လျော့နည်းပပျောက်သွားစေရန်အတွက် အစီအမံများ ချမှတ်ဆောင်ရွက်လျက် ရှိနေပြီး ဒေသအလိုက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ၏ ဝန်အားနိုင်နင်းမှုအပေါ်မူတည်ပြီး ပြည်သူများ လျှပ်စစ်ဓာတ်အားပိုမိုသုံးစွဲနိုင်ရေး အဆင့်လိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားစနစ်နှင့် ပတ်သက်၍ နိုင်ငံတော်နှင့် ပြည်သူများ နစ်နာစေမှုများ တွေ့ရှိရပါက Call Center များသို့ အကြံပြုခြင်း၊ တိကျစွာ တိုင်ကြားခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် အသိပေးမေတ္တာရပ်ခံထားပြီး – လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (နေပြည်တော်) – ၀၆၇-၃၄၁၀၀၇၂ ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) – ၁၇၁၇ ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) – ၁၆၁၆၊ ၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈ (Hot line) တို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် http://www.moep.gov.mm ဝက်ဘ်ဆိုက်တွင် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ရယူ၍ဆက်သွယ်နိုင်ကြောင်း သိရသည်။





