သက်တံ့
၁၉. ၅. ၂၀၂၆
မလေးရှားနိုင်ငံတွင် အလုပ်ရှင်ဖြစ်သူအား သတ်ဖြတ်မှုဖြင့် သေဒဏ်စီရင်ခြင်းခံထားရသည့် မြန်မာနိုင်ငံသားတစ်ဦးအား အယူခံတရားရုံးက ထောင်ဒဏ် နှစ် ၃၀ နှင့် ကြိမ်ဒဏ် ၁၂ ချက်အဖြစ် လျှော့ချပေးခဲ့မှုကို ထပ်မံလျှော့ချပေးရန် အယူခံဝင်ခဲ့သော်လည်း ချမှတ်ထားသည့်ပြစ်ဒဏ်အတိုင်း ဆက်လက်ကျခံရန် မလေးရှား ဖက်ဒရယ်တရားရုံးက ယနေ့တွင် အတည်ပြုလိုက်သည်။
မာလာယာပြည်နယ် တရားသူကြီးချုပ် (Chief Judge of Malaya) ဟာရှင် ဟမ်ဇာ (Hashim Hamzah) ဦးဆောင်သည့် တရားသူကြီး သုံးဦးပါ ခုံရုံးသည် တရားခံ သန်းနွယ်စိုး၏ ပြစ်ဒဏ်အပေါ် အယူခံဝင်မှုကို ပယ်ချခဲ့သည်။ အဆိုပါ ပြစ်ဒဏ်မှာ အယူခံတရားရုံး (Court of Appeal) က အတည်ပြုခဲ့ပြီးဖြစ်သည့်အတွက် မူလရုံးတရားသူကြီး၏ ဆုံးဖြတ်ချက်ကို ဖက်ဒရယ်တရားရုံး (အမြင့်ဆုံးတရားရုံး) အနေဖြင့် ကြားဝင်စွက်ဖက်ရန် အကြောင်းပြချက်မရှိကြောင်း တရားသူကြီးချုပ် ဟာရှင်က ပြောကြားခဲ့သည်။
ဆာဘားနှင့် ဆာရာဝက်ပြည်နယ် တရားသူကြီးချုပ် အဇီဇာ နာဝါဝီ (Azizah Nawawi) နှင့် တရားသူကြီး ရူဇီမာ ဂါဇာလီ (Ruzima Ghazali) တို့ ပါဝင်သည့် အဆိုပါခုံရုံးတွင် တရားသူကြီးချုပ် ဟာရှင်က “အယူခံဝင်သူ (တရားခံ သန်းနွယ်စိုး) အနေနဲ့ စွဲချက်တင်ထားတဲ့အတိုင်း လူသတ်မှုကို ကျူးလွန်ခဲ့ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ အများအပြား ရှိပါတယ်။ ဒါကြောင့် ပြစ်ဒဏ်စီရင်ချက်ဟာ ခိုင်မာမှုရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ခုံရုံးသည် အဆိုပါပြစ်မှုအတွက် အနည်းဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် ၃၀ နှစ်အပြင် ကြိမ်ဒဏ် ၁၂ ချက်ကိုပါ ဆက်လက်အတည်ပြုခဲ့သည်။ တရားရုံးက တရားခံ သန်းနွယ်စိုးအား ဖမ်းဆီးခြင်းခံခဲ့ရသည့် ၂၀၁၈ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှစတင်၍ ထောင်ဒဏ်ကို ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
မလေးရှားနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်၍ အသက် ၅၀ အောက် အမျိုးသားပြစ်မှုကျူးလွန်သူများအတွက် လူသတ်မှုကျူးလွန်ပါက တရားရုံးများအနေဖြင့် ထောင်ဒဏ် ၃၀ နှစ်မှ ၄၀ နှစ်အထိ ချမှတ်နိုင်ပြီး အနည်းဆုံး ကြိမ်ဒဏ် ၁၂ ချက်ကို မိမိတို့စိတ်ကြိုက် ဆုံးဖြတ်ပိုင်ခွင့် ပေးထားသည်။
တရားခံ သန်းနွယ်စိုးသည် ဂျိုဟိုး (Johor) ပြည်နယ်၊ ကန်ပန်းသီရိပူရဏာ (Kampung Sri Purnama) ရှိ Yu-Win Motor Trading Sdn Bhd ဆိုင်ဝင်းအတွင်း၌ ၂၀၁၈ ခုနှစ် ဧပြီလ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လွတ်မြောက်နေဆဲဖြစ်သော အခြားသူတစ်ဦးနှင့်အတူ ပူးပေါင်းကာ အလုပ်ရှင်ဖြစ်သူ ဂိုဂျော့လန်း (Goh Geok Leng) ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူအား မျက်လုံးကို အဝတ်စည်း၊ ပါးစပ်ကို ပိတ်ဆို့ကာ ခြေလက်များကို သံကြိုးများဖြင့် တုပ်နှောင်ထားလျက် အဝတ်အစားတစ်ပိုင်းတစ်စဖြင့် တွေ့ရှိခဲ့ရသည်။ ရဲတပ်ဖွဲ့သည် ရရှိထားသောအချက်အလက်များအရ တရားခံ နေထိုင်သည့် ကွန်တိန်နာအိမ်အတွင်း၌ သေဆုံးသူ၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အခင်းဖြစ်ပွားရာနေရာ၌ တရားခံနှင့် သေဆုံးသူတို့၏ DNA အစွန်းအထင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းက တရားစွဲဆိုရေးအဖွဲ့၏ အထောက်အထားများကို ပိုမိုခိုင်မာစေခဲ့သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဂျိုဟိုးဗာရူး (Johor Bahru) ရှိ အဆင့်မြင့်တရားရုံး (High Court) က အသက် ၄၃ နှစ်အရွယ် တရားခံ သန်းနွယ်စိုးတွင် အလုပ်ရှင် ဂို အား သတ်မှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ သေဒဏ် ချမှတ်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ်တွင် အယူခံတရားရုံးက သေဒဏ်ကို ပယ်ဖျက်ကာ ထောင်ဒဏ် ၃၀ နှစ်နှင့် ကြိမ်ဒဏ် ၁၂ ချက်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။
အဆိုပါအမှုတွင် တရားခံ သန်းနွယ်စိုးဘက်မှ ရှေ့နေ မစ္စ ဂရေ့စ် အက်စ် နေသန် (Grace S Nathan) က ခုခံလျှောက်လဲခဲ့ပြီး၊ တရားစွဲဆိုရေးအဖွဲ့ဘက်မှ ဒုတိယပြည်သူ့တရားစွဲဆိုရေးအဖွဲ့မှူး အက်စ်နာဝီ အာဘူ ဟာနီပါး (Asnawi Abu Hanipah) က လျှောက်လဲခဲ့သည်။ ရှေ့နေ နေသန်က တရားခံတွင် သတ်လိုသည့် ရည်ရွယ်ချက်ရှိကြောင်း သက်သေမပြနိုင်ဟုဆိုကာ ပြစ်ဒဏ်ကို လူသတ်မှုအဆင့်မှ လူသေစေမှုအဆင့်သို့ လျှော့ချပေးရန် တောင်းဆိုခဲ့သော်လည်း၊ အစိုးရရှေ့နေ အက်စ်နာဝီက အောက်ရုံးတရားရုံးနှစ်ခုစလုံး၏ အချက်အလက်စိစစ်တွေ့ရှိချက်များမှာ လူသတ်မှုကျူးလွန်သည်ဟု တူညီခိုင်မာနေကြောင်း တင်ပြခဲ့သည်။
Ref : FMT
