
၁၉.၅.၂၀၂၆.
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ပြင်သစ်နိုင်ငံလုပ် ရာဖေးလ်ဂျက်လေယာဉ်ခြောက်စင်း အပါအဝင် ပစ္စည်းကိရိယာများကို အင်ဒိုနီးရှားစစ်တပ်ထံ မေလ ၁၈ ရက်က လွှဲပြောင်းပေးအပ်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၎င်း၏ကာကွယ်ရေးစွမ်းရည်များကို ဆက်လက်တည်ဆောက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ပရာဘိုဝိုက အင်ဒိုနီးရှားသည် ၎င်း၏ကာကွယ်ရေးစွမ်းရည်များကို ဆက်လက်အားကောင်းစေမည်ဟုလည်း ပြောကြားခဲ့သည်။
သမ္မတအိမ်တော်၏ ကြေညာချက်အရ ပရာဘိုဝိုသည် ဂျကာတာရှိ လေတပ်အခြေစိုက်စခန်းတစ်ခုတွင် ကျင်းပသော လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဦးဆောင်ခဲ့ပြီး Dassault Falcon 8x လေးစင်းနှင့် Airbus A400M Atlas လေယာဉ်တစ်စင်းအပါအဝင် မကြာသေးမီက ရရှိခဲ့သော ကာကွယ်ရေးပစ္စည်းများကို စစ်ဆေးခဲ့သည်။
အင်ဒိုနီးရှားအစိုးရက ၂၀၂၂ ခုနှစ်တွင် ပြင်သစ်နိုင်ငံလုပ် ရာဖေးလ်တိုက်လေယာဉ် ၄၂ စင်းဝယ်ယူရန် အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလျံတန် သဘောတူညီချက်ကို ထိုစဉ်က ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူနေသည့် ပရာဘိုဝိုလက်ထက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
၂၀၂၄ ခုနှစ်တွင် အာဏာရလာသည့် စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝိုက အင်ဒိုနီးရှားနိုင်ငံ၏ ဟောင်းနွမ်းနေသည့် စစ်လက်နက်ပစ္စည်းပိုင်ဆိုင်မှုများကို ခေတ်မီစေရန်အတွက်လည်း ကြိုးစားလုပ်ဆောင်ခဲ့သည်။
အင်ဒိုနီးရှားအစိုးရ၏ ကြေညာချက်တစ်ခုအရ ဧပြီလအတွင်း ပါရီ၌ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ တွေ့ဆုံခဲ့ပြီး ခေါင်းဆောင်နှစ်ဦးက ကာကွယ်ရေးပစ္စည်းများ ဝယ်ယူခြင်းနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်း အားကောင်းလာစေခြင်း အပါအဝင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံက ဇန်နဝါရီလတွင် ရာဖေးလ်ဂျက်လေယာဉ်သုံးစင်းအား ပထမအသုတ်အဖြစ် လက်ခံရရှိခဲ့ပြီး မေလ ၁၈ ရက်က အခမ်းအနားတွင် စစ်တပ်အတွက် နောက်ထပ်ဂျက်လေယာဉ်သုံးစင်းလက်ခံရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရီကို ရီကာဒို ဆီရိတ်က AFP သို့ ပြောကြားခဲ့သည်။
Ref-AFP
