




နေမိုး
၁၉. ၅. ၂၀၂၆
အကြမ်းဖက် ကရင်လက်နက်ကိုင် KNU နဲ့ PDF တွေ ယာယီ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြန်မာ – ထိုင်းနယ်စပ်က တနင်္သာရီမြို့နယ်၊ မောတောင်မြို့ကို တပ်မတော်စစ်ကြောင်းတွေက ဒီနေ့မှာ ပြန်လည် ထိန်းချုပ် နေရာယူလိုက်ပြီဖြစ်တယ်လို့ ကနဦးသိရပါတယ်။
မောတောင်မြို့ကို KNU /KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်မှာ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး တပ်မတော်က မြေပြင်၊ ဝေဟင် ထိုးစစ်တွေနဲ့ စစ်ကြောင်းထိုးတာကို ကြောက်ရွံ့လာတဲ့ KNU /KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ မောတောင်မြို့ကနေ ပြီးခဲ့တဲ့ရက်ပိုင်းကစ သေပြေးရှင်ပြေး ထွက်ပြေးကုန်ကြတဲ့နောက်မှာ တပ်မတော်က မောတောင်မြို့ကို ဒီနေ့မှာ အလွယ်တကူ ထိန်းချုပ်လိုက်တာပါ။
မောတောင်မြို့ဟာ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်းမြို့နယ်တို့ကို ဆက်သွယ်ထားသလို ထိုင်းနိုင်ငံ၊ ပရာချွတ်ခီရီခန်ပြည်နယ်၊ ဆင်ခွန်းမြို့နဲ့ ထိစပ်နေတဲ့ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ မြို့ဖြစ်လို့ အရေးပါတဲ့မြို့တစ်မြို့ဖြစ်တာကြောင့် KNU /KNLA နဲ့ PDF ပူးပေါင်းအဖွဲ့ ၃၀ ကျော်က အဆမတန်သာလွန်အင်အားနဲ့ တိုက်ယူခဲ့ပေမဲ့ တပ်မတော်က ဖိအားပြန်ပေးချိန်မှာတော့ အသေအပျောက်များစွာနဲ့ ပြန်ထွက်ပြေးကုန်ကြတာလို့ သိရပါတယ်။
KNU/ KNLA နဲ့ PDF တွေဟာ မောတောင်မြို့ကို သိမ်းယူစဥ်က ဝမ်းသာအားရ ထုတ်ပြန်ခဲ့ပေမဲ့ အသေအပျောက်များစွာနဲ့ သေပြေးရှင်ပြေးထွက်ပြေးရတဲ့ ဒီနေ့မှာတော့ သတင်းအမှောင်ချထားပြီး မြို့က ထွက်ပြေးရကြောင်း ဝန်ခံလာမှု မရှိသေးတာ တွေ့ရသလို တပ်မတော်ဘက်ကလည်း အခုအချိန်အထိ အတည်ပြုထုတ်ပြန်လာမှု မရှိသေးပါဘူး။
ပုံစာ။ မောတောင်မြို့သို့ ယနေ့ရောက်ရှိလာသည့် တပ်မတော်စစ်ကြောင်းများ (Photo – Credit)
