သတိုး
၁၉. ၅. ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကို တရုတ်နိုင်ငံက ဧည့်ခံပြီး လေးရက်အကြာ ဒီအင်္ဂါနေ့ညပိုင်းမှာပဲ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ နှစ်ဖက်စလုံးရဲ့ ဘက်စုံမိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့ ရည်ရွယ်တဲ့ ခရီးစဉ်အဖြစ် ပေကျင်းမြို့ကို ရောက်ရှိလာခဲ့ပါတယ်။
ဒါဟာ ရုရှားခေါင်းဆောင်ရဲ့ ၂၅ ကြိမ်မြောက် တရုတ်နိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။

ပူတင်ကို လေဆိပ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ ဦးဆောင်ကာ ကော်ဇောနီခင်းပြီး တရားဝင် အခမ်းအနားနဲ့ ကြိုဆိုခဲ့သလို နှစ်ဦးသား ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။ ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုရပ်စောင့်နေကြပြီး လူငယ်တွေကတော့ ပူတင်ကိုကြိုဆိုဖို့ တရုတ်နဲ့ ရုရှားနိုင်ငံတော်အလံတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။
”ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်၊ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်” ဆိုတဲ့ ကြွေးကြော်သံတွေကြားထဲမှာ ဝမ်ယိက ပူတင်ကို ကော်ဇောနီပေါ်ကနေ သူစီးမယ့် ကားဆီအထိ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး နှစ်ဦးသား ပြုံးပြုံးရွှင်ရွှင်နဲ့ စကားအနည်းငယ် ဖလှယ်ခဲ့ကြပါတယ်။
ပူတင်ဟာ နိုင်ငံခြားခေါင်းဆောင်တွေကို ဧည့်ခံလေ့ရှိတဲ့ အစဉ်အလာနေရာဖြစ်တဲ့ တျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာ (Diaoyutai State Guesthouse) မှာ တည်းခိုမှာ ဖြစ်ပါတယ်။ သူရဲ့ တရားဝင်ခရီးစဉ် အစီအစဉ်တွေကိုတော့ ဗုဒ္ဓဟူးနေ့မနက်ပိုင်း တီယန်အန်မင်ရင်ပြင် (Tiananmen Square) မှာ တရားဝင်ကြိုဆိုပွဲ အခမ်းအနားနဲ့ စတင်မှာဖြစ်ပြီး အဲဒီနောက်မှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Ref: SCMP
