
၁၉.၅.၂၀၂၆
Written by Linn Eain
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သက်ကြီးကျန်းမာ ဘက်စုံပြုစုစောင့်ရှောက်မှု ပြင်ပလူနာဌာနဖွင့်မည်ဖြစ်ပြီး အထူးကုဌာန (၆) ခုမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ကုသပေးမည်ဖြစ်ကြောင်း မေ ၁၉ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ Facebook Page ၌ ကြေညာထားသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ရက် (၁၀၀) စီမံချက်အနေဖြင့် အထူးကုပြင်ပလူနာဌာနတွင် မနက်ဖြန် မေ ၂၀ ရက်ကစတင်၍ နံနက် ၉ နာရီမှ ၁၂ နာရီထိ အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက်တိုင်းတွင် သက်ကြီးကျန်းမာ ဘက်စုံပြုစုစောင့်ရှောက်မှု ပြင်ပလူနာဌာန ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သက်ကြီးကျန်းမာ ပြင်ပလူနာဌာနတွင် ဆေးပညာဌာန၊ ဆီးချိုနှင့် ဟိုမုန်းဌာန၊ အရိုးနှင့်ထိခိုက်ဒဏ်ရာဌာန၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးအထူးကုဌာန၊ အရေပြားဌာနနှင့် သွားနှင့်ခံတွင်းဌာန စုစုပေါင်း အထူးကုဌာန (၆) ခုမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများမှ သက်ကြီးပုဂ္ဂိုလ်လူနာများကို တစ်နေရာတည်း၊ တစ််ချိန်တည်းတွင် ကုသမှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် အသည်းရောင်အသားဝါ စီ ဆေးခန်းဖွင့်လှစ်ပြီး အသည်းရောင်အသားဝါ စီ ဆေး(Antiviral) ဖြင့် အခမဲ့ကုသပေးနေပြီး အသည်းရောင်အသားဝါ စီ (Hepatitis C clinic) ဆေးခန်းကို အပတ်စဉ် သောကြာနေ့တိုင်း နေ့လယ် (၁) နာရီမှ (၄) နာရီအထိ ဖွင့်လှစ်ကုသပေးနေကြောင်း သိရသည်။
အဆိုပါဆေးခန်းတွင် အသည်းရောင်အသားဝါ စီ ပိုး ရှိပြီးသားလူနာများအား ပိုးကောင်ရေ (viral load) အခမဲ့ စစ်ဆေးပေးခြင်း၊ အသည်းရောင်အသားဝါ စီ ဆေး (Antiviral) ဖြင့် အခမဲ့ ကုသပေးခြင်းနှင့် ဆေးကုသမှုပြီးဆုံးပါက (၃) လအကြာတွင် အောင်မြင်မှု ရှိ/မရှိ အခမဲ့ စစ်ဆေးပေးခြင်း အစရှိသည့် စောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုပြင်ပလူနာဌာနတွင် အထွေထွေရောဂါကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ နှလုံးသွေးတိုးဆီးချိုရောဂါကုသခြင်း၊ ဦးနှောက်အာရုံကြောဆေးကု၊ ခွဲစိတ်ကုသခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါကုသခြင်း၊ မျက်နှာမေးရိုး၊ သွားနှင့်ခံတွင်းရောဂါကုသခြင်း၊ အရိုးရောဂါ ကုသပေးခြင်း၊အရေပြားရောဂါကုသခြင်း၊ စိတ်ကျန်းမာရေးကုသပေးခြင်းများကိုလည်း ပုံမှန် ကုသပေးလျက်ရှိကြောင်း သိရသည်။
