သက်တံ့
၁၉. ၅. ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (State Minister for Foreign Affairs) Ms. Shama Obaed Islam သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့သို့ ရောက်ရှိနေစဉ်အတွင်း အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် မေ ၁၈ ရက်တွင် တွေ့ဆုံခဲ့ပြီး ဘင်္ဂလားဒေ့ရှ်-အမေရိကန် နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်နှင့် ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံသို့ ရေရှည်တည်တံ့ဘေးကင်းစွာ နေရပ်ပြန်ပို့နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး Ms. Shama သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၌ တောင်ဘက်နှင့် အလယ်ပိုင်းအာရှရေးရာဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. S Paul Kapur နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်တိုးတက်နေမှုအပေါ် အပြန်အလှန် ကျေနပ်အားရမှုရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၎င်းတို့သည် ကုန်သွယ်ရေး၊ စွမ်းအင်၊ ကာကွယ်ရေးနှင့် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကတိကဝတ်ပြုခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး အရှိန်အဟုန်ကို ထိန်းသိမ်းရန် မြင့်မားသောအဆင့်ရှိ ပုံမှန်ဆွေးနွေးပွဲများ ကျင်းပရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲများတွင် ဘင်္ဂါလီအရေးကိစ္စကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးသည် လူဦးရေ၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Andrew Veprek နှင့် သီးခြားတွေ့ဆုံခဲ့ပြီး ဘင်္ဂါလီအရေးကိစ္စတွင် အမေရိကန်အစိုးရက စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးနေမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံသို့ ရေရှည်တည်တံ့ပြီး ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနိုင်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝါရှင်တန်အခြေစိုက် မူဝါဒလေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် Atlantic Council ၌ ကျင်းပသော စိစဥ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ စီးပွားရေးပွင့်လင်းမြင်သာမှုနှင့် မျှတ၍ လက်တွေ့ကျသော နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကတိကဝတ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်း၏ မိန့်ခွန်းတွင် ကုန်သွယ်ရေး၊ စွမ်းအင်၊ နည်းပညာနှင့် ပညာရေးကဏ္ဍများ၌ ဘင်္ဂလားဒေ့ရှ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု ကြီးထွားလာပုံကို ထည့်သွင်းပြောကြားခဲ့ပြီး ဒေသတွင်းတည်ငြိမ်ရေးနှင့် အိမ်နီးချင်းနိုင်ငံများနှင့် အပြုသဘောဆောင်သော ဆက်ဆံရေး တည်ဆောက်သွားမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မျှော်မှန်းချက်ကို ထပ်လောင်းအတည်ပြုခဲ့သည်။
မစ္စ ရှာမာသည် Atlantic Council ၏ အမှုဆောင်ဒုတိယဥက္ကဋ္ဌ Ms. Jenna Ben-Yehuda နှင့်လည်း သီးခြားတွေ့ဆုံခဲ့ပြီး ဘင်္ဂါလီအရေးကိစ္စအပေါ် နိုင်ငံတကာက ဆက်လက်အာရုံစိုက်လာစေရန် ဒါကာ (Dhaka) အစိုးရ၏ တောင်းဆိုချက်ကို ထပ်လောင်းပြောကြားခဲ့သည်။ ၎င်းက ကမ္ဘာ့မျက်နှာစာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် မျှတ၊ မှန်ကန်ပြီး ဘက်လိုက်မှုမရှိသော နားလည်မှုများ ဖြစ်ပေါ်စေရေးအတွက် အမေရိကန်၏ ထိပ်တန်းမူဝါဒရေးရာ အဖွဲ့အစည်းများအနေဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအခြေပြု ဒီမိုကရေစီစနစ်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူနည်းစုအခွင့်အရေးများနှင့် ဒေသတွင်းတည်ငြိမ်ရေးဆိုင်ရာ ကတိကဝတ်များကို ထပ်လောင်းပြောကြားခဲ့သည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာ ရီပတ်ဘလစ်ကန်အဖွဲ့အစည်း (International Republican Institute – IRI) ၏ ဥက္ကဋ္ဌ Mr. Daniel Twining နှင့်လည်း တွေ့ဆုံခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပွင့်လင်းမြင်သာပြီး ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲများ ဖြစ်ပေါ်လာစေရေးအတွက် အဆိုပါအဖွဲ့၏ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍကို ချီးကျူးစကား ပြောကြားခဲ့သည်။ ၎င်းက ဘက်စုံဒီမိုကရေစီစနစ်၊ လူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုနှင့် ကိုးကွယ်ရာဘာသာလူနည်းစုများ အကာအကွယ်ပေးရေးဆိုင်ရာ BNP (Bangladesh Nationalist Party) အစိုးရ၏ ကတိကဝတ်များကို အလေးပေး ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။
Ref : TBS
