သက်တံ့
၁၆. ၅. ၂၀၂၅
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ပုပ္ပါးတောင်ကအပြန် ဗျတ္တပန်းဆက်လမ်းမှာ ပြန်ပေးဆွဲခံရတာ မှန်ကန်တယ်လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ဖွင့်ဟလာသလို သူမက ပြန်ပေးဆွဲခံရတဲ့အထဲ ပါမသွားခဲ့တာလည်း ကံကောင်းမှုပါလို့ ဒီနေ့မနက်မှာ ဖွင့်ဟလာပါတယ်။
ပုဂံကို ဘုရားဖူးသွားတဲ့ ပြည်သူတွေဟာ ထကြွနေတဲ့ PDF တွေရဲ့ ပြန်ပေးဆွဲဖမ်းဆီးမှုကို ကျောက်ပန်းတောင်းနဲ့ ပုပ္ပါးလမ်းကြောမှာ အများဆုံး ဖမ်းဆီးခံရလေ့ရှိပြီး လူပြတ်တဲ့ ဗျတ္တပန်းဆက်လမ်းဟာ မကြာခဏ ပြန်ပေးဆွဲခံရတတ်ပါတယ်။ ဒီလမ်းပိုင်းကနေ ပုပ္ပါးတောင်ကို ပွဲပေးဖို့သွားတဲ့ ခိုင်နှင်းဝေတို့အဖွဲ့ဟာ ပုပ္ပါးကအပြန်မှာ ခိုင်နှင်းဝေက ထမင်းဆိုင်မှာကျန်ခဲ့ချိန် ဝန်ထမ်းတွေက ရှေ့ကအသွား အဖမ်းခံခဲ့ရတာဖြစ်ပေမဲ့ ခိုင်နှင်းဝေက လွတ်မြောက်ခဲ့တာပါ။
“ဘဝ မှာ ကံအကောင်းဆုံး အချိန်🙏🙏🙏 (၁၃) ရက်နေ့ နေ့လယ် (၁၁) နာရီခန့်တွင် ပုပ္ပားတောင်မှာ ပွဲပေးပြီးအပြန် ထမင်းဆိုင်တစ်ဆိုင် အရောက် ရုတ်တရက် စိတ်ထဲ ဆက်မသွားချင်တာနဲ့ ကားရပ်ပီး လက်ဆေး (မျောက်စာကျွေးထားတဲ့ အတွက်) ဖြစ်ခဲ့ပါတယ်..ကားပေါ်ပြန်တက်ဘို့ အလုပ်မှာ ဟေသာမေက မေမေ ကြက်ဥပြုတ်စားချင်တယ် ဆိုပီး လက်ကို ဆွဲထားတော့ ဗိုက်ဆာနေလို့ အထင်နဲ့ ထမင်းပေါင်းမှာ ကျွေးလိုက်ပါတယ်..တူတူလာတဲ့ ဝန်ထမ်းများကားကတော့ ဆိုင်မဝင်ပဲ ပုဂံဘက်သို့ ဆက်မောင်းသွားပါတယ်..(၁၅) မိနှစ် အကြာမှာ ဖုန်းထဲသို့ Message ဝင်လာပြီး “ဗျတ္တ ပန်းဆက်လမ်း”တွင် ကားကို အမည်မသိ လက်နက်ကိုင် အဖွဲ့များ မှ တားဆီးခေါ်ဆောင်ထားကြောင်း ပြောပီး အဆက်သွယ်ပြတ်တောက်သွားခဲ့ပါတယ်…ကျမ အနေနဲ့ လိုအပ်တာများ ဆက်လက် လုပ်ဆောင်ပြီး ည(၇) နာရီခန့်တွင် ကလေးများ ပြန်လည်ရောက်ရှိလာပါတယ်ရှင်..ကျမ နှင့် အတူ ဝန်ထမ်းများ အားလုံး ဘေးကင်းလို့ အဆင်ပြေပြီး ဖြစ်ပါတယ်ရှင်..အားလုံးပဲ အစစ အရာရာ သတိထားသွားလာပြီး ဘေးအပေါင်း မှ ကင်းရှင်းကြပါစေရှင်🙏🙏🙏(သတ်ပုံမူရင်း) “လို့ ခိုင်နှင်းဝေက ရေးသားပါတယ်။
ဒီပြန်ပေးဆွဲမှုမှာ PDF တွေက ခိုင်နှင်းဝေရဲ့ ဝန်ထမ်းအဖွဲ့ ပြန်ပြီး လွတ်မြောက်ချင်ရင် သိန်း ၈၀၀၀ အထိ တောင်းဆိုတယ်လို့ ရေးသားကြသလို ၁၈၀၀ အတောင်းခံရတယ်လို့လည်း လူမှုကွန်ရက်မှာ ရေးသားကြပေမဲ့ ခိုင်နှင်းဝေကတော့ သူ့ဝန်ထမ်းတွေ လွတ်အောင် ဘယ်လိုကြံဆောင်ခဲ့ရတယ်ဆိုတာ ဖော်ပြမထားပါဘူး။
နိုင်ငံတစ်ဝန်းကို PDF တွေ EAOs တွေကြီးစိုးပြီး နေရာအနှံ့ မိုင်းထောင်၊ ပြန်ပေးဆွဲ ဖမ်းဆီးမှုတွေလုပ်လာနေချိန်မှာ ပြည်သူတွေဟာ ငွေဆောင်၊ ချောင်းသာ၊ ပုဂံလောက်ပဲ အပန်းဖြေ သွားလာစရာရှိတော့တာဖြစ်ပေမဲ့ အခုဆိုရင် မကြာခဏ ပြန်ပေးဆွဲမှုဖြစ်ပွားနေတဲ့ ပုဂံကပါ လုံခြုံမှုမရှိတော့တာလည်း တွေ့မြင် ကြားသိနေရပါတယ်။


