သတိုး
၁၆. ၅. ၂၀၂၆
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကျင်းပခဲ့သည့် မင်္ဂလာပွဲတစ်ခု၌ ဇနီးဖြစ်သူကိုယ်တိုင် ရှေ့ဆုံးမှ ဦးဆောင်ကာ သူမ၏ လင်ယောက်ျားအတွက် အခြားအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ရန် ထိုင်းရိုးရာ မင်္ဂလာစီတန်းလှည့်လည်ပွဲကို စီစဉ်ကျင်းပပေးခဲ့ပြီးနောက် အင်တာနက်အွန်လိုင်းပေါ်တွင် လူပြောများကာ အုန်းအုန်းကျွက်ကျွက် စိတ်ဝင်စားမှု ရရှိနေသည်။
ထူးခြားဆန်းပြားလှသည့် ထိုမင်္ဂလာအခမ်းအနားကို မေလ ၁၅ ရက်နေ့က ချိုင်ယာဖွန် (Chaiyaphum) ခရိုင်၊ ဘန်နောင်ဖိုင်း (Ban Nong Phai) ကျေးရွာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗြောင်ကျကျ ပွင့်လင်းမြင်သာစွာ စီစဉ်ပေးခဲ့သည့် အဆိုပါ ဒုတိယအိမ်ထောင် မင်္ဂလာပွဲကြောင့် ရွာသူရွာသားများနှင့် လူမှုကွန်ရက် အသုံးပြုသူများမှာ အံ့အားသင့်ကာ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။

အဆိုပါ ပွဲအခမ်းအနားတွင် ယာဉ်တန်းအစီးရေ ၁၀ စီးကျော်နှင့် ဘစ်ဘိုက် (Big Bike) ဆိုင်ကယ်အုပ်စုကြီး ပါဝင်သော ကြီးကျယ်ခမ်းနားသည့် ရိုးရာစီတန်းလှည့်လည်ပွဲကြီး တစ်ခုပါရှိပြီး ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် ဒေသခံရွာသူရွာသားများ တက်ရောက်ဆင်နွှဲခဲ့ကြသည်။
ထိုင်းဘာသာဖြင့် “စီနီယာဇနီး” သို့မဟုတ် “မယားကြီး” ဟု အဓိပ္ပာယ်ရသည့် “မြှာဖီ” (Mia Phi) ဟု ချစ်စနိုး ခေါ်ဝေါ်ကြသော ပထမဇနီးဖြစ်သူ ယုပင် တတ်ထိုင်း (Yupin Tadthai) သည် မင်္ဂလာပွဲ၏ လူကြီးမိဘအဖြစ် ခံယူကာ ဘတ်ငွေ ၃၀၀,၀၀၀ နှင့် ငါးကျပ်သားနီးပါးရှိသည့် ရွှေအတုံးအခဲ ၅ ကျပ်သား (၇၆ ဒသမ ၂၂ ဂရမ်) ဖြင့် တင်တောင်းမှုကို ကိုယ်တိုင်ဦးဆောင်၍ “ခန်မတ်” (Khan Mak – ထိုင်းရိုးရာ စေ့စပ်ကြောင်းလမ်းခြင်း/မင်္ဂလာပွဲ စီတန်းလှည့်လည်ခြင်း) ကို ပြုလုပ်ပေးခဲ့သည်။
ထိုစီတန်းလှည့်လည်မှုသည် ယုပင်၏ ခင်ပွန်းဖြစ်သူ ဝစ်ဆနု ပရန်ချိုင်ယာဖွန် (Witsanu Prangchaiyaphum) နှင့် လက်ထပ်ရန်အတွက် ထိုင်းဘာသာဖြင့် “မြှာနောင်” (Mia Nong) ဟု ခေါ်ဆိုသည့် “မယားငယ်” သို့မဟုတ် “ဂျူနီယာဇနီး” အဆင့်ရှိသူ အိုရူမာ ဂျန်ဖန်း (Oruma Janpheng) ကို ဒုတိယမြောက်ဇနီးအဖြစ် တောင်းရမ်းခြင်း ဖြစ်သည်။
မင်္ဂလာအခမ်းအနားကို မင်္ဂလာရှိသောအချိန်ဖြစ်သည့် နံနက် ၀၉ နာရီ ၉ မိနစ်တွင် ကျင်းပခဲ့ပြီး ထိုင်းရိုးရာဓလေ့ထုံးတမ်းများအတိုင်း လုပ်ဆောင်ခဲ့ကြသည်။
မိသားစုဝင်များ၏ အဆိုအရ ဝစ်ဆနုနှင့် ယုပင်တို့သည် အိမ်ထောင်သက်တမ်း ၂၀ ကျော်ရှိပြီဖြစ်ပြီး သားသမီးတစ်ယောက် ထွန်းကားထားကြောင်း သိရသည်။ ယခုအစီအစဉ်ကို မိသားစုအတွင်း အပြန်အလှန် နားလည်မှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ သတင်းဇာတ်လမ်းသည် အွန်လိုင်းပေါ်တွင် အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့ပြီး မင်္ဂလာပွဲအတွင်း မည်သည့်ပြဿနာ ဒရမ်မာမျှမရှိဘဲ အေးအေးချမ်းချမ်း ပြီးမြောက်သွားခြင်းနှင့် မိသားစု၏ ပွင့်လင်းမြင်သာမှုအပေါ် အံ့အားသင့်ခြင်းမှသည် ချီးကျူးအမွမ်းတင်ခြင်းများအထိ တုံ့ပြန်မှုအမျိုးမျိုး ထွက်ပေါ်ခဲ့သည်။
Ref : Khaodsod


