၁၆.၅.၂၀၂၆
Translated by Htwe Ko Tun
လက်ဘနွန်နဲ့အစ္စရေးတို့ဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့မှာ နှစ်ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက် အပစ်အခတ်ရပ်စဲရေးကို ၄၅ ရက် တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။
အစ္စရေးက အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်တဲ့ တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်နေပေမယ့် အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ အပစ်အခတ်ရပ်စဲရေးကို တိုးချဲ့ဖို့နဲ့ နိုင်ငံရေးအရ အဖြေရှာဖို့ ဆွေးနွေးပွဲအသစ်တွေ ကျင်းပကြမယ်လို့ သဘောတူခဲ့တယ်ဆိုတာ အမေရိကန်ပြည်ထောင်စုက မေလ ၁၅ ရက်မှာ ကြေညာခဲ့တာပါ။
အပစ်အခတ်ရပ်စဲရေးအတွက် သံတမန်ရေးအရဆွေးနွေးမှုမှာမပါဝင်တဲ့ အီရန် ကျောထောက်နောက်ခံ ပေးထားတဲ့ ရှီးအိုက်လှုပ်ရှားမှု ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ရဲ့ ပစ်ခတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို အမြောက်တွေနဲ့ ပစ်ခတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ဟစ်ဇ်ဘိုလာကို ထိန်းချုပ်ဖို့ ရုန်းကန်နေရတဲ့ အစ္စရေးနဲ့ လက်ဘနွန်အစိုးရတို့မှ သံတမန်တွေကလည်း ဝါရှင်တန်မှာ နှစ်ရက်ကြာ တွေ့ဆုံခဲ့ပြီးနောက်မှာ မေလ ၁၇ ရက်မှာ သက်တမ်းကုန်ဆုံးမယ့် အပစ်အခတ်ရပ်စဲရေးကို ထပ်မံတိုးချဲ့မယ်လို့ ပြောကြားခဲ့ကြပါတယ်။
ရန်လိုတိုက်ခိုက်မှုတွေ ရပ်စဲမှုကို နောက်ထပ်တိုးတက်မှုတွေ ရရှိစေဖို့ ၄၅ ရက် တိုးမြှင့်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်မီ ပီးဂေါ့က ပြောကြားခဲ့ပါတယ်။
သူက နိုင်ငံခြားရေးဌာနဟာ ဇွန်လ ၂ ရက်နဲ့ ၃ ရက်တို့မှာ အမြဲတမ်းနိုင်ငံရေးသဘောတူညီချက်တစ်ခု ရရှိဖို့ ရည်ရွယ်လို့ ဆွေးနွေးပွဲတွေ ကျင်းပမှာဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနပင်တဂွန်ကလည်း မေလ ၂၉ ရက်နေ့မှာ နှစ်နိုင်ငံစစ်တပ်တွေက ကိုယ်စားလှယ်အဖွဲ့တွေကို စုစည်းပေးမယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို အတူတကွ တိုက်ခိုက်ခဲ့တဲ့ အစ္စရေးကို ခိုင်မာစွာထောက်ခံပေမယ့် အစ္စရေးတပ်တွေရဲ့ လက်ဘနွန်တောင်ပိုင်းကို ထိန်းချုပ်မှုအပေါ်လည်း စိတ်မသက်မသာဖြစ်မိကြောင်း ညင်သာစွာပြောဆိုခဲ့ပါတယ်။
“ဒီဆွေးနွေးမှုတွေက နှစ်နိုင်ငံအကြား ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေး၊ အပြန်အလှန်အချုပ်အခြာ အာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အပြည့်အဝအသိအမှတ်ပြုမှုနဲ့ နယ်စပ်တစ်လျှောက်မှာ စစ်မှန်တဲ့လုံခြုံရေးကို ထူထောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပီးဂေါ့က ပြောပါတယ်။
အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး ရီချယ်လ်က သူ့နိုင်ငံရဲ့ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဆွေးနွေးပွဲအပြီးမှာ အစ္စရေးရဲ့လုံခြုံရေးကို သေချာစေဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref- AFP
