၁၆.၅.၂၀၂၆
Translated by Htwe Ko Tun
လစ်ဗျားနိုင်ငံ အနောက်ပိုင်း တာဟူနားမြို့မှာ မေလ ၁၄ ရက်ကကျင်းပခဲ့တဲ့ ထရီပိုလီမြို့မှ Al-Ittihad SCSC နဲ့ မစ်ရာတာမြို့မှ Asswehly SC တို့ရဲ့ ပွဲစဉ်ဟာ အငြင်းပွားဖွယ်ရာ ပင်နယ်တီဆုံးဖြတ်ချက်ကြောင့် ပွဲကို ခေတ္တရပ်ဆိုင်းလိုက်ရပြီးနောက် ပွဲအပြီးမှာ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရပြီး မြို့တော် ထရီပိုလီရှိ အစိုးရ အဆောက်အအုံတစ်ခု မီးလောင်ကာ လူအချို့ဒဏ်ရာရခဲ့ကြပါတယ်။
Al-Ittihad SCSC နှင့် Asswehly SC တို့ ပွဲစဉ်ကျင်းပရာ မြို့တော်တောင်ဘက် ၈၀ ကီလိုမီတာ (၄၉ မိုင်) အကွာရှိ တာဟူနားမြို့မှာ ဘောလုံးပွဲအပြီး ရန်ပွဲတွေက စတင်ခဲ့တာပါ။
ပွဲကိုပရိသတ်မပါဘဲ ကျင်းပခဲ့တာဖြစ်ပြီး Al-Ittihad အသင်းသားတွေက ပင်နယ်တီက တမင်သက်သက် ဘက်လိုက်ဆုံးဖြတ်ခဲ့ကြတာလို့ ဆန္ဒပြခဲ့ကြပါတယ်။ ဒီမှာ ပွဲကိုခေတ္တရပ်ဆိုင်းထားခဲ့ရရာမှာ ထိုဖြစ်ရပ်ကြောင့် အားကစားကွင်းအပြင်ဘက်ရှိ ပရိသတ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ရန်ပွဲတွေ ဖြစ်ပွားခဲ့ရတယ်လို့ လစ်ဗျားသတင်းဌာန LANA က ပြောကြားခဲ့ပါတယ်။
မြို့တော်ထရီပိုလီမှာလည်း ရန်လိုအကြမ်းဖက်ဆန္ဒပြမှုတွေ ပျံ့နှံ့လာခဲ့ပြီး ဆန္ဒပြသူတွေက ဝန်ကြီးများ ကောင်စီရဲ့ ရုံးချုပ်ကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
ဒါပေမယ့်မီးလောင်မှုကို မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်ခဲ့တယ်လို့ LANA က ပြောပါတယ်။
ကောင်စီက ဖြစ်ရပ်တွေ ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပြီး မတရားဘူးလို့ ခံစားချက်တွေကို ဥပဒေကြောင်းအရ တရားဝင်ဖြေရှင်းရမှာဖြစ်ပြီး “အကြမ်းဖက်ဖြေရှင်းလို့ မရဘူး”လို့ ပြောကြားခဲ့ပါတယ်။
Ref- Al Jazeera
