၈.၅.၂၀၂၆
Translated by Htwe Ko Tun
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ရုရှားနိုင်ငံမှာ မေလ ၉ ရက်မှာ ကျင်းပမယ့် ဒုတိယကမ္ဘာစစ်အောင်ပွဲ စစ်ရေးပြပွဲကို တက်ရောက်မယ့် ရုရှားအစိုးရရဲ့ မဟာမိတ်တွေကို သူ့အနေနဲ့ ထောက်ခံမှုမပြုဘူးလို့ သတိပေးခဲ့သလို ရုရှားအာဏာပိုင်တွေကလည်း ထိုနေ့မှာ ယူကရိန်းအနေနဲ့ တိုက်ခိုက်မှုပြုလာမှာတွေကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
“ရုရှားနဲ့ နီးစပ်တဲ့ နိုင်ငံတချို့က သူတို့ရဲ့ ကိုယ်စားလှယ်တွေ မော်စကိုမှာ ရှိနေဖို့ စီစဉ်ထားတယ်လို့ ပြောတဲ့ သတင်းတွေကိုလည်း ကျွန်တော်တို့ ရရှိခဲ့ပါတယ်” လို့ ဇယ်လန်စကီးက ကိယက်ဗ်မြို့လယ်မှာ ပုံမှန်ဗီဒီယို မိန့်ခွန်းတစ်ခု ပြောကြားရာမှာ ဆိုခဲ့ပါတယ်။
သူက “ထူးဆန်းတဲ့ ဆန္ဒတစ်ခုပါပဲ… ဒီရက်ပိုင်းမှာ။ ကျွန်တော်တို့ကတော့ ရုရှားစစ်ရေးပြပွဲကိုတက်ဖို့ မထောက်ခံပါဘူး။”လို့ ပြောပါတယ်။
ရုရှားအစိုးရကလည်း အဲဒီနေ့မှာ ယူကရိန်းက အပစ်အခတ်ရပ်စဲရေးကို လိုက်နာမှုမရှိပါက ရုရှားက အလားတူ တုံ့ပြန်မယ်လို့ ပြောကြားခဲ့ပါတယ်။
ယူကရိန်းအပေါ် စစ်ပွဲအတွင်း မော်စကိုက မေလ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ် ကြေညာခဲ့ပေမယ့် ယူကရိန်းက တိုက်ခိုက်လာရင် ရုရှားစစ်တပ်က အဲဒီနေ့မှာ လက်စားချေတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တာကြောင့် ကိယက်ဗ်မြို့ကနေ ဒေသခံတွေကို ထွက်ခွာဖို့ တိုက်တွန်းခဲ့ပါတယ်။
ဇယ်လန်စကီးရဲ့ မိန့်ခွန်းမတိုင်မီ မိနစ်အနည်းငယ်အလိုမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒေသခံတွေ သံတမန်တွေကို ကိယက်ဗ်မြို့မှ ထွက်ခွာဖို့ တိုက်တွန်းခဲ့ပြီး တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရေးကာလအတွင်း ယူကရိန်းက တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်တယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
“ကိယက်ဗ်မြို့နေ အရပ်သားတွေနဲ့ နိုင်ငံခြားသံတမန်ရုံးတွေက ဝန်ထမ်းတွေကို အချိန်မီမြို့မှ ထွက်ခွာဖို့ လိုအပ်တယ်လို့ ထပ်မံသတိပေးပါတယ်”လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် တစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။
ရုရှားနိုင်ငံက နှစ်စဉ် မေလ ၉ ရက်မှာ ရင်ပြင်နီတစ်လျှောက် ကြီးမားသော စစ်ရေးပြ အခမ်းအနားဖြင့် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ကို ဂုဏ်ပြုအခမ်းအနားနှစ်စဉ်ကျင်းပပါတယ်။
လတ်တလောရက်သတ္တပတ်တွေအတွင်း ဒရုန်းစွမ်းရည်တွေကို တိုးချဲ့ခဲ့တဲ့ ယူကရိန်းဟာ မော်စကိုနဲ့ ရုရှားအတွင်းပိုင်းကို တိုက်ခိုက်မှုတွေ တိုးမြှင့်ခဲ့ပြီး ယူကရိန်းမှ မိုင်ရာပေါင်းများစွာအကွာရှိ ပစ်မှတ်တွေကို ပစ်ခတ်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုတွေက စစ်ရေးပြအခမ်းအနားမတိုင်မီ ရုရှားမှာ မငြိမ်မသက်စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ပုံမှန်အားဖြင့် တင့်ကားတွေနဲ့ ဒုံးကျည်တွေကို ပြသတဲ့ ကြီးကျယ်သော အင်အားပြပွဲတစ်ခုဖြစ်တဲ့ စစ်ရေးပြအခမ်းအနားမှာ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ချန်လှပ်ထားမယ်လို့ ရုရှားအစိုးရက နှစ်ပေါင်း ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြောကြားခဲ့ပါတယ်။
မော်စကိုမှာဆိုရင်လည်း မေလ ၉ ရက် စနေနေ့အထိ မြို့တော်တစ်ဝန်း အင်တာနက်ဖြတ်တောက်မှုတွေ စတင်ခဲ့ပါတယ်။
စစ်ရေးပြအခမ်းအနားကို တက်ရောက်မယ့် နိုင်ငံခြားဧည့်သည်အရေအတွက်လည်း လျော့ကျသွားပြီး ကုလသမဂ္ဂမှ အသိအမှတ်မပြုထားတဲ့ ရုရှားကျောထောက်နောက်ခံပြု ဂျော်ဂျီယာခွဲထွက်သမ္မတ နိုင်ငံနှစ်ခုမှ ခေါင်းဆောင်တွေအပြင် ဘီလာရုစ်၊ မလေးရှားနဲ့ လာအိုနိုင်ငံတို့ရဲ့ ခေါင်းဆောင်တွေ တက်ရောက်မယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။
Ref- AFP
