သက်တံ့
၅. ၅. ၂၀၂၆
အမေရိကန်ပြည်ထောင်စုက မန္တလေးမှ လူငယ်လုပ်ငန်းရှင် ၅၀ အား ဒီဂျစ်တယ်စီးပွားရေးနယ်ပယ်တွင် အောင်မြင်ရန်လိုအပ်သော နည်းပညာရပ်များ သင်ကြားပေးနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ သတင်းထုတ်ပြန်သည်။
၂၀၂၅ ရွေးကောက်ပွဲအပြီးတွင် မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုကောင်းမွန်လာသော အမေရိကန်သံရုံးက ပြီးခဲ့သည့်အပတ်တွင် ငါးနှစ်ကျော် ပိတ်ထားသော မန္တလေးမြို့ရှိ ဂျက်ဖာဆင်စင်တာကို ပြန်လည်ဖွင့်လှစ်သည်နှင့်တစ်ပြိုင်နက် ထိုစင်တာတွင်ပင် မန္တလေးမြို့ခံလူငယ်များကို စီးပွားရေးပညာများ သင်ကြားပေးခြင်းဖြစ်သည်။
ထိုသင်တန်းမှာ အမေရိကန်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုများကို ဒေသခံလုပ်ငန်းရှင်များထံ တိုက်ရိုက်မျှဝေပေးမည့် “Next-Gen Digital Mastery” အလုပ်ရုံဆွေးနွေးပွဲဖြစ်ပြီး သံရုံး၏ အကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်မှ မန္တလေးမြို့ရှိ ဂျက်ဖာဆင်စင်တာတွင် ဧပြီ ၂၉ တွင် စတင်ဖွင့်လှစ်ပေးခဲ့သည်ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အတည်ပြုသည်။
ထိုသင်တန်းသည် အမေရိကန်ပြည်ထောင်စုက အကောင်အထည်ဖော်လျက်ရှိသည့် Freedom 250 မျှော်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပြီး Google Analytics မှသည် Canva အထိ ဒီဂျစ်တယ်စီးပွားရေးနယ်ပယ်တွင် အောင်မြင်ရန်လိုအပ်သော နည်းပညာရပ်များကို လူငယ် ၅၀ ဦးအား လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။ သင်ကြားပေးမှုများမှတစ်ဆင့် ကိုယ်ပိုင်အမှတ်တံဆိပ်များကို တိုးတက်အောင်လုပ်ဆောင်နိုင်ရန်၊ ဝင်ငွေဖန်တီးနိုင်ရန်နှင့် စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများကို ခိုင်မာအားကောင်းစေရန်ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံ၏ ဈေးကွက်မြှင့်တင်ရေး အတတ်ပညာများကို ဒေသခံလူငယ်များ၏ အရည်အချင်းများနှင့် ပေါင်းစပ်ပေးခြင်းအားဖြင့် မျိုးဆက်သစ်လူငယ်များကို မိမိတို့ ပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
