ပုံစာ။ မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတစ်ခုမှ ကယ်တင်ခဲ့ရသည့် ရုရှားအမျိုးသမီးတစ်ဦး၏ ပုံရိပ်။
သက်တံ့
၅. ၅. ၂၀၂၆
မြန်မာနိုင်ငံရှိ ဖုန်းဖြင့် ငွေလိမ်လည်သည့် ကျားဖြန့်လုပ်ငန်း (Call Center) တစ်ခုမှ လွတ်မြောက်လာသည့် ရုရှားအမျိုးသမီးနှစ်ဦးကို ၎င်းတို့၏ နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် ထိုင်းနိုင်ငံရှိ ရုရှားသံတမန်များထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း ရန်ကုန်မြို့ရှိ ရုရှားသံရုံး တာဝန်ရှိသူတစ်ဦးက TASS သတင်းဌာနသို့ ပြောကြားခဲ့သည်။
“ဒီနေ့မှာတော့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံး ဝန်ထမ်းတွေနဲ့ ရုရှားပြည်ထဲရေးဝန်ကြီးဌာနတို့ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာတဲ့ ရုရှားနိုင်ငံသားနှစ်ဦးကို နေရပ်ပြန်ပို့ဖို့အတွက် ထိုင်းနိုင်ငံရှိ ရုရှားသံရုံးဝန်ထမ်းတွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကို သံတမန်ရေးရာအဖွဲ့တွေနဲ့ သက်ဆိုင်ရာ နိုင်ငံအာဏာပိုင်တွေအကြား နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် ခရီးစဉ်တစ်လျှောက်မှာ နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးကို အပြည့်အဝ အာမခံနိုင်ခဲ့ပါတယ်။ လက်ရှိမှာ သူတို့ကို လိုအပ်တဲ့ ကောင်စစ်ရေးရာ အကူအညီတွေပေးနေသလို နေရပ်ပြန်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုလည်း ကူညီဆောင်ရွက်ပေးနေပါတယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးဝန်ထမ်းများသည် ရုရှားပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ နိုင်ငံသားများ တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်း မရှိစေရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်နေသည်။ အထူးသဖြင့် အင်ဒိုချိုင်းနားနိုင်ငံများရှိ စိစစ်ထားခြင်းမရှိသော အလုပ်ရှင်များနှင့် ဆက်သွယ်လုပ်ကိုင်ခြင်း၏ အန္တရာယ်များကို နိုင်ငံသားများအား အသိပေးရန် အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်မြို့အခြေစိုက် ရုရှားသံအမတ်ကြီး Iskander Azizov က TASS နှင့် အင်တာဗျူးတွင် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ရုရှားသံတမန်များသည် ၎င်းတို့၏ နိုင်ငံသား ၁၉ ဦးကို နေရပ်ပြန်နိုင်ရန် ကူညီပေးခဲ့ကြောင်းနှင့် မြန်မာအစိုးရအနေဖြင့် အွန်လိုင်းငွေလိမ်လည်မှုနှင့် အခြားတရားမဝင်လုပ်ငန်းများကို တိုက်ဖျက်ခြင်းအား “အမျိုးသားရေး တာဝန်” အဖြစ် သတ်မှတ်ထားကြောင်းအပြင် ဆိုက်ဘာရာဇဝတ်မှု ဗဟိုဌာနများကို တိုက်ဖျက်ရန်အတွက် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်းကာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။
ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများတွင် လစာကောင်းသော အလုပ်အကိုင်များ (အထူးသဖြင့် ခရီးသွားလုပ်ငန်း၊ မော်ဒယ်လ်နှင့် ဘာသာပြန်လုပ်ငန်းများ) ကမ်းလှမ်းခံရပါက သတိမပေါ့လျော့ကြရန် သံအမတ်ကြီးက တိုက်တွန်းထားသည်။ ဆိုက်ဘာရာဇဝတ်ဂိုဏ်းများသည် သားကောင်ဖြစ်လာနိုင်သူများကို အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ကာ အင်ဒိုချိုင်းနားဒေသတွင် ဖန်တီးမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ (Creative Services) အမည်ခံကာ လစာကောင်းသော အလုပ်များဖြင့် ဆွဲဆောင်လေ့ရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
Ref : Tass
