၅.၅.၂၀၂၆
Written by Linn Eain
အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်၊ ဧည့်၊ ပြု ကတ်ပြားများကို Online တွင် ကြော်ငြာ၍ စာရွက်စာတမ်းအတုများ ထုတ်ပေးလျက်ရှိသဖြင့် အမှုဖွင့်တရားစွဲဆိုလျက်ရှိပြီး ပွဲစားများ၊ အကောင့်အတု(Fake Account) များနှင့် လုံးဝဆက်သွယ်ခြင်းမပြုရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မေ ၅ ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အထောက်အထားပြည့်စုံပါက လုပ်ငန်းဆောင်ရွက်မှုအား နေ့ချင်းပြီးဆောင်ရွက်ပေးမည်ဖြစ်ပြီး အထောက်အထား အချက်အလက်မပြည့်စုံပါက လိုအပ်သည့် အထောက်အထားများကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံးအချင်းချင်း ချိတ်ဆက်ကာ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကာယကံရှင်များအတွက် သိရှိလိုသည်များ၊ ယူဆောင်လာရမည့် အထောက်အထားများနှင့်ပတ်သက်၍ လဝကမြို့နယ်ရုံးအသီးသီး၌ ဗီနိုင်းများချိတ်ဆွဲခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း ပြည်သူများအတွက် လက်ငင်း ဦးစားပေးလုပ်ငန်းအဖြစ် အသက်(၁၈)နှစ် ပြည့်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသည့်နိုင်ငံသားများအား သက်ဆိုင်ရာလဝကရုံးများတွင်လည်းကောင်း၊ အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် UID ကောက်ယူခြင်းလုပ်ငန်းများကို သက်ဆိုင်ရာစာသင်ကျောင်းများတွင်လည်းကောင်း လမင်းစီမံချက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်နှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူလက်မှတ်များ ပျက်စီး/ပျောက်ဆုံးမှုများအား e-ID စနစ်ဖြင့် ပြန်လည်တိုက်ဆိုင်စစ်ဆေး၍ မြို့နယ်အဆင့် (၅) ဦးကော်မတီဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်၊ ဧည့်၊ ပြု ကတ်များ ပြန်လည်ထုတ်ပေးခြင်းလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့သော် အချို့သောပြည်သူများသည် ရုံးလုပ်ငန်းများ ဆောင်ရွက်တတ်ခြင်းမရှိသဖြင့် ပွဲစားများအသုံးပြုဆောင်ရွက်ခဲ့ရာ မလိုလားအပ်သည့် ပြဿနာများ၊ စာရွက်စာတမ်းအတုများ ရရှိခဲ့ကြောင်း၊ ယင်းကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ကြမည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများသို့ လာရောက်သည့်အခါ ရုံးများအဝင်ရှိ ဧည့်ကြိုကောင်တာတွင် လဝကဝန်ထမ်းများမှ စိစစ်စာရင်းသွင်းပြီးနောက် အခက်အခဲရှိသည့်ပြည်သူများအတွက် အတူလိုက်ပါပြီး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။


ထိုသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ဆောင်မှုပေးသည့် အိမ်ထောင်စုလူဦးရေ စာရင်း၊ နိုင်၊ ဧည့်၊ ပြု ကတ်ပြားများကို ဖော်ပြပါအကောင့်အတု (Fake Account) များမှ Online တွင် ကြော်ငြာ၍ စာရွက်စာတမ်းအတု များ ထုတ်ပေးလျက်ရှိသဖြင့် အမှုဖွင့်တရားစွဲ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါအကောင့်တုများသည် ရုပ်သံလူမှုကွန်ရက် TikTok ကိုအခြေပြုထားသည့် အကောင့်များဖြစ်နေသည်ကို တွေ့ရှိရသည်။
ပြည်သူများအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များ၊ လုပ်ငန်းအဆင်မပြေမှုများနှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက ဖော်ပြပါ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ကြောင်း သိရသည်။
အဆိုပါဖုန်းနံပါတ်များမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန – ၀၆၇-၃၄၃၁၀၄၅/၃၄၃၁၀၅၆ ၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန – ၀၆၇-၃၄၃၁၅၅၁၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး -၀၉ ၂၆၃၅၁၉၇၈၇၊ ကယားပြည်နယ်ဦးစီးမှူးရုံး – ၀၉ ၂၅၀၀၆၄၀၅၀၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး – ၀၉ ၄၂၂၄၆၈၉၈၂၊ ချင်းပြည်နယ်ဦးစီးမှူးရုံး -၀၉ ၄၀၀၃၁၀၈၂၀၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး – ၀၉ ၇၆၂၆၄၁၄၆၉၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံး- ၀၉ ၂၅၀၉၅၀၅၅၀၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး – ၀၉ ၄၂၁၀၆၀၃၇၀၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး – ၀၉ ၄၅၀၀၆၄၉၈၅၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး – ၀၉ ၄၀၇၅၉၀၆၊ မွန်ပြည်နယ်ဦးစီးမှူးရုံး – ၀၉ ၆၉၂၂၇၆၃၅၈၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး- ၀၉ ၄၃၀၇၀၇၈၉၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး -၀၉ ၄၃၀၃၅၈၂၉၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး- ၀၉ ၆၉၉၀၃၂၈၀၅၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ရှမ်းမြောက်)- ၀၉ ၆၇၇၆၁၈၂၂၈၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး (ရှမ်းအရှေ့) – ၀၉-၄၂၈၂၃၅၁၄၈၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံး- ၀၉ ၈၉၈၉၄၂၀၆၉၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး – ၀၉ ၄၂၇၂၂၇၀၁၁ တို့ဖြစ်သည်။
