နေမိုး
၅. ၅. ၂၀၂၆
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အား ဧပြီ ၃၀ ရက်တွင် တပ်မတော်က ပြန်လည်သိမ်းပိုက်ပြီးနောက် ကချင်ပြည်နယ် နယ်စပ်ဝင်ပေါက်မြို့ဖြစ်သော မော်လူးမြို့ကို ယာယီထိန်းချုပ်ထားသည့် KIA၊ KPDF နှင့် PDF လက်နက်ကိုင်များကို ယနေ့တွင် ထပ်မံတိုက်ထုတ်လိုက်ကြောင်း ကနဦးသတင်းများအရ သိရသည်။

စစ်ကိုင်းကို Buffer Zone အဖြစ် ထားချင်သည့် KIA ၏ စစ်ရေးရည်မှန်းချက်ကို တပ်မတော်က တစ်ပတ်အတွင်း နှစ်မြို့သိမ်းခြင်းဖြင့် ချိုးဖျက်ခဲ့သလို ကချင်ပြည်နယ်၏ ဝင်ပေါက်ဖြစ်သည့်အတွက် စားရေရိက္ခာနှင့် ရွှေသယံဇာတခိုးထုတ်ရာလမ်းကြောင်းကို ဖြတ်တောက်နိုင်ခဲ့ခြင်းဖြစ်သဖြင့် တပ်မတော်၏ ယခုပြန်လည်သိမ်းပိုက်နိုင်မှုမှာ KIA၊ KPDF နှင့် PDF တို့အတွက် အထိနာခဲ့သော ပြန်လည်သိမ်းပိုက်မှုလည်းဖြစ်ခဲ့သည်။

မော်လူးမြို့ကို တပ်မတော်က ယနေ ပြန်လည်သိမ်းပိုက်ရာတွင် KIA၊ KPDF နှင့် PDF တို့ဘက်မှ ခုခံမှုနည်းပါးခဲ့သဖြင့် မြို့အတွင်းပျက်စီးမှုနည်းပါးခဲ့ကာ ယင်းတို့စခန်းချသည့်နေရာအချို့နှင့် ဗုံးထောင်ခဲ့သည့်နေရာများသာ ထိခိုက်ပျက်စီးမှုရှိသည့်အတွက် နေရပ်စွန့်ခွာနေရသည့် မော်လူးပြည်သူများမှာ ဝမ်းမြောက်နေကြသလို KIA၊ KPDF နှင့် PDF များ၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စွန့်ခွာနေရသော မိမိပိုင်နေအိမ်တွင် မကြာခင် ပြန်လည်နေထိုင်ကြရတော့မည်ဖြစ်၍ တပ်မတော်စစ်ကြောင်းများကို ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာကြိုဆိုနေသည့်ပုံရိပ်များလည်း တွေ့မြင်ရသည်။

ယနေ့မြို့သိမ်းတိုက်ပွဲတွင် တပ်မတော်ဘက်က အထိအခိုက်မရှိသလောက်ဖြစ်သော်လည်း KIA၊ KPDF နှင့် PDF များ ထိခိုက်သေဆုံးမှုများပြားကြောင်းနှင့် အလောင်း၊ လက်နက်များအပြင် ရွှေခိုးတူးရန် သိုလှောင်ထားသည့် စက်သုံးဆီများလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။


