◾ မြန်မာစျေးကွက်အတွက် ရန်ကင်းတွင် အခြေစိုက်မည်ဖြစ်ပြီး ကျောင်းသား ၁၀၀ စတင်လက်ခံမည်

သက်တံ့
၁. ၅. ၂၀၂၆
ဖင်လန်ပညာရေးကုမ္ပဏီတစ်ခုဖြစ်သော HEI Schools သည် ရန်ကုန်မြို့တွင် ၎င်းတို့၏ ပထမဆုံးသော မူကြိုကျောင်းကို ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။
ယခုကဲ့သို့ ကမ္ဘာကျော်ပညာရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခု ဝင်ရောက်မှုမှာ မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် ရွေးကောက်ခံအစိုးရသစ်လက်ထက် ပထမဆုံး ဝင်ရောက်လာသော နိုင်ငံတကာအဆင့်မြင့် ပညာရေးရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာသလို HEI Schools အတွက်လည်း မြန်မာ့ဈေးကွက်သို့ ပထမဆုံး စတင်ဝင်ရောက်ခြင်း ဖြစ်သည်။
HEI Schools ကို ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တွင် အခြေစိုက် ဖွင့်လှစ်မည်ဖြစ်ပြီး အသက် တစ်နှစ်ခွဲမှ ခြောက်နှစ်အရွယ် ကလေးငယ်များအတွက် မူကြိုနှင့် ရှေးဦးအရွယ် ကလေးသူငယ်ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကို သင်ကြားပေးမည်ဖြစ်ပြီး ကျောင်းသားဦးရေ (၁၀၀) အထိ လက်ခံနိုင်သည်။
HEI Schools ၏ ပြည်တွင်းကိုယ်စားလှယ်အဖြစ်မူ ယခင်က အင်္ဂလိပ်စာသင်တန်းကျောင်း ဖွင့်လှစ်ခဲ့ဖူးသည့် Sideducation Ltd. မှ တာဝန်ယူ လုပ်ဆောင်မည်ဖြစ်သည်။
သင်ရိုးညွှန်းတမ်းကိုမူ ကမ္ဘာ့အဆင့် ၁၀၀ အတွင်းဝင်သည့် University of Helsinki (ဟယ်လ်ဆင်ကီ တက္ကသိုလ်) နှင့် ပူးပေါင်းဖော်ဆောင်ထားသော “ကစားရင်း သင်ယူခြင်း” (Play-based learning) ပုံစံကို အသုံးပြုမည်ဖြစ်ပြီး၊ ကလေးငယ်များ၏ ဖွံ့ဖြိုးမှုကို အပြန်အလှန် ထိတွေ့ဆက်ဆံမှုနှင့် လမ်းညွှန်မှုပေးသော သင်ယူမှုများဖြင့် အဓိကထား လုပ်ဆောင်သွားမည် ဖြစ်သည်။
HEI (Helsinki International) Schools သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးဟု သတ်မှတ်ခံထားရသည့် ဖင်လန်ပညာရေးစနစ် (Finnish Education System) ကို ကမ္ဘာတစ်ဝှမ်းသို့ ဖြန့်ကြက်နေသည့် ထိပ်တန်းအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ လက်ရှိတွင် ဖင်လန်နိုင်ငံအပြင် တရုတ်၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဆော်ဒီအာရေးဗီးယားနှင့် အီဂျစ် စသည့် နိုင်ငံပေါင်းများစွာတွင် ကျောင်းခွဲပေါင်းများစွာ ဖွင့်လှစ်ထားသည်။
Ref: ScandAsia
