





၁.၅.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ သုံးအိမ်ကျေးရွာ၊ တွံတေး-လှိုင်သာယာလမ်းတွင် ဆီဘောက်ဆာယာဥ်တစ်စီးက လမ်းတွင် ရပ်ထားသော ခြောက်ဘီးယာဥ်ကို ဝင်တိုက်ရာမှ ယာဥ်မောင်းသေဆုံးမှု ယနေ့ မေလ ၁ ရက် နံနက် ၅ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
စက်သုံးဆီဂါလန် ၃၀၀၀ ဆံ့သည့် နစ်ဆန်းအမျိုးအစား အစိမ်းရောင် ဆီသယ်ယာဥ်က လှိုင်သာယာဘက်မှ တွံတေးဘက်သို့ မောင်းနှင်လာစဥ် လမ်းဘေးတွင် ရပ်ထားသော ကန်တာခြောက်ဘီးယာဥ်အား အနောက်မှ ဝင်တိုက်ခဲ့ရာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်ကို ထပ်မံတိုက်မိခဲ့ပြီး ဆီသယ်ယာဥ်မောင်းမှာ ကားခေါင်းအတွင်း ညပ်နေခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ရောက်သွားတော့ ဘောက်ဆာယာဥ်မောင်းက ကားခေါင်းထဲမှ ညပ်ပြီး ဆုံးနေပါပြီ။ ကားခေါင်းထဲမှာ ညပ်နေတဲ့ ယာဥ်မောင်းကို ခုနစ်မိနစ်လောက်အကြာမှာ ထုတ်ယူနိုင်ခဲ့ပါတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူ တစ်ဦးက ပြောသည်။
သေဆုံးသူ ဆီဘောက်ဆာယာဥ်မောင်းမှာ အသက် ၄၂ နှစ်အရွယ် ဦးအောင်ဇော်မျိုးဖြစ်ပြီး ခြေထောက်ကျိုးဒဏ်ရာဖြင့် သေဆုံးခဲ့သဖြင့် စိတ္တသုခလူမှုကယ်ဆယ်ရေးအသင်းပိုင် သူနာတင်ယာဥ်ဖြင့် တွံတေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်ကို မီးငြှိမ်းသတ်ယာဥ် တစ်စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ကိုးဦး၊ စိတ္တသုခလူမှုကယ်ဆယ်ရေးအသင်းဝင်များဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ရာ နံနက် ၆ နာရီ ၄ မိနစ်တွင် ကူညီကယ်ဆယ်မှု ပြီးစီးခဲ့ကြောင်း သိရသည်။
