သက်တံ့
၁. ၅. ၂၀၂၆
နိုင်ငံတော်သမ္မတ၏ ငဲ့ညှာမှုဖြင့် နှစ်ပတ်အတွင်း နှစ်ကြိမ် ပြစ်ဒဏ်လျှော့ချသက်ညှာမှု ခံစားခွင့်ရခဲ့သည့်အပြင် နေအိမ်အကျယ်ချုပ် ခံစားခွင့်ပါ ထပ်မံရရှိလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ ဥပဒေအကျိုးဆောင်အဖွဲ့က ယခုသီတင်းပတ်ကုန်တွင်တွေ့ဆုံရန် စီစဉ်နေကြောင်း ကိုယ်စားလှယ်တစ်ဦးက ယနေ့ (မေ ၁ ရက်) တွင် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာထိန်းသိမ်းမှုတွင် သူမ၏အစိုးရ ဖယ်ရှားခံရပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။
”ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ နေပြည်တော်မှာပဲ ရှိနေပါသေးတယ်” ဟု သူမ၏ ဥပဒေအကျိုးဆောင်အဖွဲ့ဝင်တစ်ဦးက Reuters သို့ ပြောကြားခဲ့ပြီး၊ ကြာသပတေးနေ့ညက သူမကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း အတည်ပြုခဲ့သည်။
ကြာသပတေးနေ့တွင် နိုင်ငံပိုင်မီဒီယာက သူမကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့မည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း မည်သည့်နေရာသို့ ပြောင်းရွှေ့မည်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိပေ။ ထို့အပြင် နိုင်ငံပိုင်မီဒီယာသည် ယူနီဖောင်းဝတ်ဆင်ထားသူ နှစ်ဦးနှင့်အတူ သစ်သားခုံတန်းလျားတစ်ခုပေါ်တွင် ထိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကိုလည်း ထုတ်လွှင့်ပြသခဲ့ရာ၊ ၎င်းသည် နှစ်အတော်ကြာအတွင်း ပထမဆုံးအကြိမ် ထွက်ပေါ်လာသည့် သူမ၏ လူထုမြင်ကွင်း ဓာတ်ပုံဖြစ်သည်။
ဥပဒေအကျိုးဆောင်အဖွဲ့သည် လာမည့်တနင်္ဂနွေနေ့တွင် အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ နှင့်တွေ့ဆုံ၍ သူမ၏ အခြေအနေများကို ဆွေးနွေးခြင်းနှင့် အစားအစာ၊ ဆေးဝါး စသည့် လိုအပ်သော ထောက်ပံ့ပစ္စည်းများ ပေးပို့ရန် စီစဉ်နေခြင်းဖြစ်သည်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထောက်ပံ့ပစ္စည်းများ ပေးပို့ခြင်းမှာ ဥပဒေအဖွဲ့၏ ပုံမှန်လုပ်ဆောင်ချက်ဖြစ်ပြီး၊ ယခင်က လူကိုယ်တိုင်တွေ့ခွင့် မရရှိချိန်များတွင် အဆိုပါပစ္စည်းများကို ရဲစခန်း၌ ထားခဲ့ကာ တစ်ဆင့်ပေးပို့ခိုင်းခဲ့ရကြောင်း ကိုယ်စားလှယ်က ဆိုသည်။
”တနင်္ဂနွေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ပြီးသားဖြစ်တဲ့အတွက် ပုံမှန်အတိုင်း ထောက်ပံ့ပစ္စည်းတွေ သွားပို့ရင်းနဲ့၊ ရှေ့နေအဖွဲ့အနေနဲ့ သူမနဲ့တွေ့ဆုံပြီး ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဥပဒေအဖွဲ့ဝင်က ပြောကြားသည်။
၂၀၂၁ ဖြစ်စဥ်အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲမသမာမှုဖြစ်စေရန် လှုံ့ဆော်မှုမှသည် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုအထိ စွဲချက်များဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့သည်။ အဆိုပါ ပြစ်ဒဏ်ကို နောက်ပိုင်းတွင် ၂၇ နှစ်ခွဲသို့ လျှော့ချခဲ့ပြီး၊ ဧပြီလ ၁၇ ရက် မြန်မာ့နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်တွင် ခြောက်ပုံတစ်ပုံ ထပ်မံလျှော့ချခဲ့သည်။ ထိုစဉ်က သူမနှင့်အတူ အမှုတွဲတွင် ပါဝင်သည့် သမ္မတဟောင်း ဦးဝင်းမြင့် လွတ်မြောက်လာခဲ့သည်။
ကြာသပတေးနေ့တွင် သူမအား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ကြောင်း မကြေညာမီ မြန်မာ့အကျဉ်းထောင်များရှိ အကျဉ်းသားများကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သူမ၏ပြစ်ဒဏ်ကို နောက်ထပ် ခြောက်ပုံတစ်ပုံ ထပ်မံလျှော့ချခဲ့သဖြင့် ကျန်ရှိပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၈ နှစ်ကျော်သာကျန်ရှိပြီး ပြစ်ဒဏ်များ၏ ထက်ဝက်အထိ လျော့ကျလာခဲ့သည်။
Ref : Reuters
