


၁.၅.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုနဲ့ ဗင်နီဇွဲလားနိုင်ငံတို့အကြားခုနစ်နှစ်အတွင်း ပထမဆုံးတိုက်ရိုက်လေယာဉ် ခရီးစဉ်အဖြစ် Envoy Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးဟာ အမေရိကန်ပြည်ထောင်စု မိုင်ယာမီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗင်နီဇွဲလားမြို့တော် ကာရာကာ့စ်မြို့လေဆိပ်ကို ဧပြီလ ၃၀ ရက်က ရောက်ရှိလာခဲ့ပါတယ်။
ဇန်နဝါရီလအတွင်း ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေက ကာရာကာ့စ်မြို့မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် အမေရိကန်က ကာရာကာ့စ် သူ့နိုင်ငံသံရုံးကို တရားဝင်ပြန်လည်ဖွင့်လှစ်ပြီး တစ်လအကြာမှာ ခုလို နှစ်နိုင်ငံအကြား တိုက်ရိုက်လေယာဉ် ပျံသန်းမှု ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနက လုံခြုံရေးအန္တရာယ်တွေကို အကြောင်းပြပြီး နှစ်နိုင်ငံကြားလေကြောင်းပျံသန်းမှုတွေကို လွန်ခဲ့တဲ့ခုနစ်နှစ်ကြာက ဆိုင်းငံ့ထားခဲ့ပါတယ်။
အမေရိကန်လေကြောင်းလိုင်းရဲ့ လက်အောက်ခံ Envoy Air မှ လည်ပတ်တဲ့လေယာဉ်ဟာ မိုင်ယာမီမှ နံနက် ၁၀း၂၆ နာရီ (၁၄း၂၆ GMT) မှာ ထွက်ခွာခဲ့ပြီး သုံးနာရီခန့်အကြာမှာ ဗင်နီဇွဲလားမြို့တော်ကို ဆင်းသက်ခဲ့တာပါ။
ဇန်နဝါရီလ အစောပိုင်းမှာ ကာရာကာ့စ် ရှိ ထိုစဉ်က သမ္မတဖြစ်တဲ့ နီကိုလပ်စ် မာဒူရိုကို သူ့ရဲ့နေအိမ်မှာ ဝင်ရောက်စီးနင်းကာ အမေရိကန်တပ်ဖွဲ့တွေက ဖမ်းဆီးပြီးနောက် ဗင်နီဇွဲလားနဲ့အမေရိကန်အကြား သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်စတင်ခဲ့ကာ အမေရိကန်က ကာရာကာ့စ်ရှိ သူ့ရဲ့သံရုံးကို တရားဝင်ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။
ကာရာကာ့စ်လေဆိပ်ကို လေယာဉ်ဆင်းသက် ရောက်ရှိချိန်မှာ မီးသတ်ကားနှစ်စီးကလည်း အောင်ပွဲခံ အခမ်းအနားအနေနဲ့ လေယာဉ်ကို လေယာဉ်ပြေးလမ်းပေါ်မှာ လာရောက် ရေပက်ဖျန်းခဲ့ကြပါတယ်။
လေယာဉ်ပေါ်မှာ အမေရိကန် အမျိုးသားစွမ်းအင် လွှမ်းမိုးမှုကောင်စီ ဂျာရော့ဒ် အေဂျင် Jarrod Agen နဲ့ အခြားခရီးသည်တွေ လိုက်ပါလာတယ်လို့ သိရပါတယ်။
Ref- DW News
