


၁.၅.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၇) ရပ်ကွက်၊ ရွှေတောင်တန်းလမ်းတွင် Aircon Safeguard အပူလွန်ကဲရာမှ မီးပွားထွက်၍ ကားမှုတ်ဆေးအရောင်းဆိုင် မီးလောင်မှု ယနေ့ မေလ ၁ ရက် နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
“Aircon Safeguard ကနေ အပူလွန်ပြီး မီးပွားက အောက်မှာရှိတဲ့ တင်နာပုံးပေါ်ကျရာကနေ မီးလောင်မှုဖြစ်တာပါ။ လူထိခိုက်မှုတော့မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးကပြောသည်။
မီးလောင်မှုမှာ သွပ်မိုး၊ အုတ်ကာ ကွန်ကရစ်ခင်း တစ်ထပ်တွင် ဖွင့်လှစ်ထားသော ကားမှုတ်ဆေးအရောင်းဆိုင်တွင် ဖြစ်ပွားခဲ့ပြီး အဆောက်အအုံ၊ ဘက်ထရီစက်ဘီး နှစ်စီး၊ တင်နာပုံး၊ သင်္ဘောဆေးပုံးများ ဆုံးရှုံးခဲ့သည်။
မီးလောင်မှုမှာ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၆ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၇၀ ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ၂၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ကားမှုတ်ဆေးဆိုင်မီးလောင်မှုကြောင့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။
