
၂၆.၄.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အား အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းများဆောင်ရွက်နေပြီး ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြုပြင်ခြင်း လုပ်ငန်းများကို သာသနာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ရှေးမူလက်ရာမပျက် စနစ်တကျ ပြုပြင်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံဗိသုကာကောင်စီတို့က ပေါင်းစပ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သော မော်တော်ယာဉ်ထားရှိသည့် အဆောက်အအုံ၊ ရေကန်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ မြေထိန်းနံရံပြုပြင်ပြီးစီးမှု၊ ကြမ်းခင်း/နံရံ နေရာများတွင် Epoxy Mortar ဖြင့် ပြုပြင်ခြင်း၊ ပြတိုက်အမိုး၊ ပြတိုက်အတွင်း မျက်နှာကြက်၊ လှေကား၊ ကျွန်း သစ်သားနံရံများ၊ ကျွန်းသစ်သား အခင်းများ၊ ဝရန်တာများ၊ ကျွန်းတံခါး၊ ပြတင်းများ ပြုပြင်ဆောင်ရွက်နေမှုတို့ကို ဒုတိယဝန်ကြီးနှင့်အဖွဲ့က အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အဆောက်အဦဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အင်ဂျင်နီယာချုပ်က လုပ်ငန်းလျာထားချက်ပါအတိုင်း မြေထိန်းနံရံပြုပြင်ပြီးစီးမှု၊ ပြတိုက်အမိုးများ၊ ကျွန်းသစ်သားမျက်နှာကြက်များ၊ ကျွန်းသစ်သားကြမ်းခင်းများ၊ သစ်သားတိုင်/ရက်မများ၊ ကျွန်းသစ်သားလှေကားများ၊ ကျွန်းပြတင်းတံခါးများ၊ အဆောက်အအုံ၏နံရံနှင့် ရေချိုးခန်း၊ သန့်စင်ခန်းများ၊ အတွင်း လျှပ်စစ်မီးကြိုးနှင့် မီးခလုတ်၊ မီးလုံးများ ရှေးမူလက်ရာ မပျက်ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေတွင် ဆဋ္ဌသင်္ဂါ ယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ်ကျောက်စာတိုင် စိုက်ထူနေမှုနှင့် သမိုင်းဝင်သာသနိက အဆောက်အအုံများဖြစ်သည့် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၊ ကမ္ဘာအေးမဟာ သိမ်တော်ကြီး၊ ဗုဒ္ဓသာသနာ့ဆေးရုံ၊ ဥတ္တရကုရုကျောင်းဆောင်၊ ပုဗ္ဗဝိဒေဟကျောင်းဆောင်၊ အပရ ဂေါယာနကျောင်းဆောင်၊ ဇမ္ဗုဒီပ ကျောင်းဆောင်၊ သုံးထပ်ဆွမ်းစားကျောင်းဆောင်ကြီးနှင့် ပိဋကတ်ပုံနှိပ်တိုက်စသည့် သမိုင်းဝင်အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
