

၂၃. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးနှင့် နိုင်ငံခြားငွေအား ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဖွဲ့စည်းလိုက်ပြီး ဒုတိယသမ္မတ ဦးညိုစောက ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၄၅/၂၀၂၆) ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးနှင့် နိုင်ငံခြားငွေအား ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် “နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ” ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ (၁) ဦးညိုစော၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့ဝင်များအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအဖြစ် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များသည် နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများက လိုအပ်သည့်စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်ယန္တရားများ၊ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် အသုံးအဆောင်များနှင့် ကုန်ကြမ်းပစ္စည်းများစသည်တို့ တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးရမည်ဖြစ်သည်။
ထို့အတူ ပြည်သူအများ စားဝတ်နေရေးအတွက် လိုအပ်သည့် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပြည်တွင်း၌ဝယ်ယူရရှိနိုင်ခြင်းမရှိသည့် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ အစရှိသည်တို့ ဝယ်ယူတင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံသားများ လူမှုရေးကိစ္စအလို့ငှာ ပြည်ပသို့သွားရောက်ဆေးကုသခြင်း၊ ပညာရေး ကိစ္စများအတွက် သွားရောက်ခြင်းနှင့် ဘာသာရေးကိစ္စများအတွက် သွားရောက်ခြင်း စသည်တို့အတွက် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည်။
ယင်းအပြင် အထွေထွေဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့ ချေးငွေနှင့် အတိုးများ ပြန်လည်ပေးဆပ်ခြင်း၊ ဝန်ဆောင်ခများပေးချေခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အမြတ်ငွေများ ပြန်လည်လွှဲပို့ခြင်း စသည့်ကိစ္စများတွင် အသုံးပြုရန် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည်။
လူမှုအသုံးအဆောင် ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအတွက် မဖြစ်မနေတင်သွင်းရန် လိုအပ်မှုအပေါ် နိုင်ငံခြားသုံးငွေစိစစ်ခွင့်ပြုပေးခြင်း၊ နိုင်ငံအတွင်းရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှု လုပ်ငန်းများအတွက် နိုင်ငံခြားသုံးငွေလည်ပတ်မှုဆိုင်ရာကိစ္စရပ်များအား ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသည် နိုင်ငံခြားသုံးငွေကြီးကြပ်မှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအပြင် အခြားပေးအပ်သောတာဝန်များကိုလည်း ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
