




၂၂.၄.၂၀၂၆
Written by KL
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်းတွင် လောင်ကျွမ်းခဲ့သော ဆီတင်စက်လှေများမီးလောင်မှုတွင် သေဆုံးသူ ၅ ဦးအထိရှိလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဆီတင်စက်လှေချင်း ဆီဖလှယ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ဆီတင်စက်လှေ ၁၀ စီး၊ မော်တော်ယာဥ် ၂ စီး မီးလောင်ဆုံးရှုံးခဲ့ပြီး အမျိုးသားလေးဦး၊ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
“စက်လှေတွေကို တစ်စုတစ်စည်းတည်းထားမှုက အခုလိုဆုံးရှုံးမှုတွေကြီးမားကုန်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။
မီးလောင်ဒဏ်ရာရရှိသူ ၈ ဦးမှာ ဟုမ္မလင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ထိုဖြစ်စဥ်မှာ ပြီးခဲ့သည် ဧပြီလ ၂၀ ရက် ညနေ ၆ နာရီကျော်က ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီးကျောင်းဆိပ်ကမ်းအနီး ချင်းတွင်းမြစ်အတွင်းရပ်ထားသော “နိုင်ရတနာဝင်း” ဖလက်ကုန်တင်မော်တော်ရေယာဥ် ပေါက်ကွဲကာ ဆီတင်စက်လှေ ၁၀ စီး မီးလောင်ကျွမ်းခဲ့ရသည့် ဖြစ်စဥ်ဖြစ်သည်။
နာရီ ၄၀ နီးပါးလောင်ကျွမ်းခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ မီးသတ်ရေသယ်ယာဥ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ဧပြီလ ၂၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
