◾ ရန်ကုန်တိုင်းအတွင်း နာရီ ၂၀ အထိ၊ မန္တလေးတိုင်းအတွင်း ၁၈ နာရီအထိနှင့် အခြားပြည်နယ်နှင့်တိုင်းများတွင် အနည်းဆုံး ၁၄ နာရီအထိ လျှပ်စစ်ဓာတ်အားရရှိမည်
၂၂. ၄. ၂၀၂၆
Written by Nyein Kyaw
ယနေ့စတင်၍ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း နာရီ ၂၀ အထိ၊ မန္တလေးတိုင်းအတွင်း ၁၈ နာရီအထိနှင့် အခြားပြည်နယ်နှင့်တိုင်းများတွင် အနည်းဆုံး ၁၄ နာရီအထိ တိုးမြှင့်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်မည့်အခြေအနေနှင့် အခြားရရှိနိုင်မည့်နည်းလမ်းများကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် LNG သည် ဈေးနှုန်းကြီးမြင့်သော်လည်း လတ်တလောတွင် အချိန်အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းသုံးစွဲနေကြရမည်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် စီမံထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြားသည်။
ပူပြင်းသည့် ယခုကာလများတွင် အများပြည်သူလျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲခွင့်ရရှိနိုင်ရန် စွမ်းအင်အရင်းအမြစ်များကို စနစ်တကျစစ်ထုတ်သုံးစွဲပြီး Power Generation ကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။၊
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ်များကို တွက်ချက်မှုများ ဆောင်ရွက်ပြီးနောက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတို့မှ လက်ရှိဓာတ်အား ထုတ်လုပ်နေမှုအပြင် ပိုမိုရရှိလာသည့် သဘာဝဓာတ်ငွေ့ဖြင့် ထိရောက်မှုရှိအောင် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် အစီအမံများကို ချမှတ်လျက်ရှိသည်။
ယင်းအစီအမံများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိ ၁၆ နာရီမှ ၁၈ နာရီ ဓာတ်အားဖြန့်ဖြူးနေမှုအစား ၁၈ နာရီမှ နာရီ ၂၀ အထိ တိုးမြှင့်၍ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၁၄ နာရီမှ ၁၆ နာရီအစား ၁၆ နာရီမှ ၁၈ နာရီအထိ တိုးမြှင့်၍လည်းကောင်း၊ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများအတွက် ၁၂ နာရီခန့် ဓာတ်အားဖြန့်ဖြူးနေမှုအစား အနည်းဆုံး ၁၄ နာရီ နေ့စဉ်ဖြန့်ဖြူးခြင်းကို ဧပြီလ ၂၂ ရက် ညနေ ၃ နာရီမှ စတင်တိုးမြှင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
