

သတိုး
၂၂. ၄. ၂၀၂၆
ဥရောပသမဂ္ဂ (EU) သည် ထိုင်းနိုင်ငံရောက် မြန်မာနေရပ်စွန့်ခွာရသူများအတွက် ကိုယ့်အားကိုယ်ကိုးနိုင်မှုနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ပါဝင်လာနိုင်မှုတို့ကို အဓိကထားသည့် ရေရှည်တည်တံ့သော ဖြေရှင်းချက်များအား ပံ့ပိုးကူညီရန် ယူရို ၁၅ သန်း (ခန့်မှန်းခြေ ဘတ် ၅၆၇ သန်း) တန်ဖိုးရှိသော စီမံကိန်းသစ်တစ်ခုကို စတင်လိုက်သည်။
“ထိုင်းနိုင်ငံရှိ မြန်မာနေရပ်စွန့်ခွာရသူများ (ဒုက္ခသည်များ) ကိုယ့်အားကိုယ်ကိုးနိုင်ရေးနှင့် လူမှုပတ်ဝန်းကျင်အတွင်း အခွင့်အရေးတန်းတူ ပါဝင်ကူးပြောင်းနိုင်ရေး ပြင်ဆင်ပေးခြင်းဆိုင်ရာ စီမံကိန်း” ဟု အမည်ပေးထားသည့် အဆိုပါစီမံကိန်းကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ဘန်ကောက်မြို့၌ ကြေညာခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Luisa Ragher သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ (IRC) ဦးဆောင်သည့် မိတ်ဖက်အဖွဲ့အစည်းများ (Consortium) နှင့် Expertise France တို့မှ ကိုယ်စားလှယ်များနှင့်အတူ အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
ဤလုပ်ငန်းစဉ်သည် မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနာပူရီနှင့် ရတ်ချ်ဘူရီပြည်နယ်များရှိ ယာယီခိုလှုံရာစခန်း (၉) ခုမှ နေရပ်စွန့်ခွာရသူများအပြင်၊ တာ့ခ်ပြည်နယ်အတွင်းရှိ စခန်းပြင်ပတွင် နေထိုင်နေကြသော ရွှေ့ပြောင်းနေထိုင်သူများကိုပါ ပံ့ပိုးကူညီသွားမည်ဖြစ်သည်။
◾ စီမံကိန်း၏ အဓိကရည်ရွယ်ချက်များ
ဤစီမံကိန်းသည် နေရပ်စွန့်ခွာရသူများအား တရားဝင်အလုပ်အကိုင်အခွင့်အလမ်းများနှင့် နိုင်ငံတော်ဝန်ဆောင်မှုများ လက်လှမ်းမီနိုင်စေရန် ထိုင်းနိုင်ငံ၏ မူဝါဒအပြောင်းအလဲများ ဖော်ဆောင်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဓိက ရည်မှန်းချက်များမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို အားကောင်းစေရန်၊ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကို မြှင့်တင်ရန်၊ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများကို ချဲ့ထွင်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများနှင့် ထိုင်းအာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကောင်းမွန်စေရန် ဖြစ်သည်။
သံအမတ်ကြီး Ragher က EU အနေဖြင့် ထိုင်းနိုင်ငံ၏ အားလုံးပါဝင်နိုင်သော ရေရှည်ဖြေရှင်းချက်များ ဖော်ဆောင်မှုတွင် ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်းနှင့် ဤစီမံကိန်းသည် နေရပ်စွန့်ခွာရသူများအား ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီး လူ့အဖွဲ့အစည်းအတွင်း တက်ကြွစွာ ပါဝင်ကူညီနိုင်သူများဖြစ်လာစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
◾ ရန်ပုံငွေခွဲဝေမှုနှင့် တာဝန်ရှိသူများ၏ အမြင်
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဆိုင်ရာဌာန ညွှန်ကြားရေးမှူးချုပ် ပင်းဆုဒါ ဂျာယနာမ က ၂၀၂၆-၂၀၂၈ ကာလအတွက် ရန်ပုံငွေကို ယူရို ၁၂ သန်းမှ ၁၅ သန်းအထိ တိုးမြှင့်ပေးခဲ့ခြင်းကို ကြိုဆိုခဲ့ပြီး၊ ထိုင်းနိုင်ငံအနေဖြင့် ကိုယ့်အားကိုယ်ကိုးသည့် ချဉ်းကပ်မှုသို့ ကူးပြောင်းနေချိန်တွင် ယခုကူညီမှုသည် အချိန်ကိုက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စီမံကိန်း၏ ရန်ပုံငွေများ ခွဲဝေအသုံးပြုသွားမှုတွင် ယူရို ၁၀ ဒသမ ၅ သန်းကို IRC နှင့် မိတ်ဖက်အဖွဲ့များက စခန်းများအတွင်း ဝန်ဆောင်မှုပေးရန်နှင့် အလုပ်အကိုင် အဆင်သင့်ဖြစ်စေရန် လေ့ကျင့်ပေးခြင်း လုပ်ငန်းများအတွက် လည်းကောင်း၊ ယူရို ၂ သန်းကို Expertise France မှ ဦးဆောင်၍ တာ့ခ်ပြည်နယ်ရှိ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် လည်းကောင်း၊ ယူရို ၂ ဒသမ ၅ သန်းကို UNHCR မှ ဦးဆောင်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် နိုင်ငံတော်စနစ်များအတွင်း ပါဝင်လာနိုင်ရေး လုပ်ငန်းများအတွက် လည်းကောင်း အသီးသီး အသုံးပြုသွားမည်ဖြစ်သည်။
လက်ရှိအချိန် ထိုင်းနိုင်ငံဘက်ခြမ်း နယ်စပ်တစ်လျှောက်ရှိ စခန်းများတွင် မြန်မာနေရပ်စွန့်ခွာသူ ၈၀,၀၀၀ ကျော် ခိုလှုံနေကြသည်။ ၎င်းတို့အား တရားဝင်အလုပ်အကိုင် ရရှိစေရန် ခွင့်ပြုပေးသည့် ထိုင်းနိုင်ငံ၏ မူဝါဒအပြောင်းအလဲများသည် ရေရှည်တည်တံ့သော ဖြေရှင်းချက်ဆီသို့ ဦးတည်သည့် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်ပြီး ဘေးကင်းလုံခြုံသော ကူးပြောင်းမှုဖြစ်စေရန် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုသည် အဓိကသော့ချက်အဖြစ် ရှုမြင်ခံနေရသည်။
Ref: Khaosod
