
၂၃. ၄. ၂၀၂၆
Written by Nyein Kyaw
မနက်ဖြန် ဧပြီ ၂၄ ရက်မှစတင်၍ မြန်မာအမျိုးသားလေကြောင်း (MNA)အနေဖြင့် ရန်ကုန်-မာန်အောင် -ကျောက်ဖြူ-ရန်ကုန် ခရီးစဉ်နှင့် မြိတ်လေဆိပ်ကိုအခြေပြုကာ ထားဝယ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များသို့ လေယာဉ်ခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်း (MNA) အနေဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်မြို့များသို့ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေ လွယ်ကူချောမွေ့စေရေးအတွက် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ခရီးစဉ်များတိုးချဲ့ပျံသန်းပြေးဆွဲရာတွင် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်အတွင်းရှိ မာန်အောင်မြို့နှင့် ကျောက်ဖြူမြို့များသို့ ရက်သတ္တတစ်ပတ်လျှင် ၃ ရက်ဖြင့် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် ရန်ကုန် -မာန်အောင်-ကျောက်ဖြူ-ရန်ကုန် ခရီးစဉ်များ ပြေးဆွဲပေးသွားမည်ဖြစ်သည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်လေဆိပ်ကိုအခြေပြုကာ ထားဝယ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များသို့ ရက်သတ္တတစ်ပတ်လျှင် ၆ ရက်ဖြင့် တနင်္လာနေ့တွင် မြိတ်-ဘုတ်ပြင်း- ကော့သောင်း-ဘုတ်ပြင်း-မြိတ် ခရီးစဉ်အား တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင်လည်းကောင်း၊ မြိတ်-ထားဝယ်- မြိတ် ခရီးစဉ်အား အင်္ဂါ၊ ကြာသပတေးနှင့် တနင်္ဂနွေတို့တွင်လည်းကောင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။
တိုးချဲ့ပျံသန်းမည့် လေယာဉ်ခရီးစဉ် အသေးစိတ်အချက်အလက်များနှင့် လေယာဉ်လက်မှတ်များအား မြန်မာအမျိုးသားလေကြောင်း Web Site ဖြစ်သည့် www.flymna.com တွင် ဝင်ရောက် ကြည့်ရှုဝယ်ယူနိုင်ပြီး သက်ဆိုင်ရာမြို့များရှိ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များထံတွင်လည်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
