၄. ၄. ၂၀၂၆
Written by Nyein Kyaw
ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီပေါင်း ၂၉၀ ခန့်၏ ကုမ္ပဏီနှင့် ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့ဝင်များအား အမည်ပျက်(မည်း)စာရင်း ထည့်သွင်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ထုတ်ပြန်ကြေညာထားသည်။
နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှရငွေများ အပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေစီမံ ခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂ဝ၂၃) တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၆ဝ အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားသည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း (၁၁)၊ ပုဒ်မ ၃၈-ခ တွင် “မည်သူမျှ ပို့ကုန်ရငွေ အားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန်ပျက်ကွက်ခြင်းမရှိစေရ” ဟုလည်းကောင်း၊ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက FEML ပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားသဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည်ထည့်သွင်းစေရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်များပူးပေါင်း၍ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခဲ့ပြီးနောက် စာရင်းရှင်းလင်းခြင်း မရှိသည့် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ယခု ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့ စိစစ်ချက်အရ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ပူးတွဲပါ ကုမ္ပဏီ ၂၈၇ ခုသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာခြင်းမရှိသဖြင့် ကုမ္ပဏီနှင့်ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်ပျက်စာရင်း ထည့်သွင်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။


