ပုံစာ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်တွင် လာရောက်ဂါရဝပြု တွေ့ဆုံစဥ်။
သက်တံ့
၄. ၄. ၂၀၂၆
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်လိုက်သော်လည်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတနန်းတော် (Malacañang Palace) က သတင်းထုတ်ပြန် ပြောကြားခဲ့သည်။
သောကြာနေ့ (ဧပြီ ၃) ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် နန်းတော်ပြန်ကြားရေးအရာရှိ ဒုတိယဝန်ကြီး Claire Castro က နိုင်ငံခြားရေးဝန်ကြီး Ma. Theresa Lazaro အနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် မြန်မာနိုင်ငံနှင့် ဆက်လက်တိုင်ပင် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

”ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံ၏ စုပေါင်းကြိုးပမ်းမှုများကို ထောက်ခံအားပေးရန် သန္နိဋ္ဌာန်ချထားဆဲဖြစ်ပြီး၊ ဘုံသဘောတူညီချက် (၅) ရပ်ကို အပြည့်အဝနှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ အထူးသဖြင့် အကြမ်းဖက်မှုများ ရပ်တန့်စေရေးနှင့် မြန်မာပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးတို့အတွက် အရှိန်အဟုန်သစ်ဖြင့် ဆောင်ရွက်သွားရန် တိုက်တွန်းပါသည်” ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာအစိုးရအဖွဲ့အကြီးအကဲဖြစ်သည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သောကြာနေ့က ပြုလုပ်သည့် လွှတ်တော်မဲခွဲဆုံးဖြတ်မှုအပြီးတွင် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ ဧပြီ ၃ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပသည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် ဒုတိယသမ္မတ (၁) ဖြစ်လာသည့် ဦးညိုစော၏ ထောက်ခံမဲ ၁၂၆ မဲနှင့် ဒုတိယသမ္မတ (၂) ဖြစ်လာသည့် ဒေါ်နန်းနီနီအေး ရရှိမဲ ၂၉ မဲတို့ကို ဒုတိယသမ္မတနှစ်ဦးပေါင်းရရှိသည့် မဲအရေအတွက်ထက် အပြတ်အသတ် အသာစီးဖြစ်သော ခိုင်လုံမဲ ၄၂၉ မဲဖြင့် အနိုင်ရရှိကာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရခြင်းဖြစ်သည်။
Ref: GMA
