◾️ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတ သက်တမ်းကာလအတွင်း မြန်မာနိုင်ငံကို တည်ငြိမ်ရေးနှင့် လူမှုစီးပွားတိုးတက်ရေးတို့ကို အောင်မြင်စွာ စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းပါ ဘယ်လာရုစ်သမ္မတ ပြောကြား
၄. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် အဆွေတော် ရွေးကောက်တင်မြှောက်ခံရသည့်အတွက် ဘယ်လာရုစ်ပြည်သူများကိုယ်စားလည်းကောင်း၊ မိမိအနေဖြင့်လည်းကောင်း ဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။ အဆွေတော်၏ ကြွယ်ဝသောအတွေ့ အကြုံ၊ ကျွမ်းကျင်ပိုင်နိုင်မှုနှင့် အရည်အသွေးများသည် မြန်မာနိုင်ငံကို အဆွေတော် ဦးဆောင်ရာတွင် နိုင်ငံတည်ငြိမ်ရေးနှင့် လူမှုစီးပွားတိုးတက်ရေးတို့ကို အောင်မြင်စွာစွမ်းဆောင်နိုင်မည်ဟု မိမိယုံကြည်ပါသည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်းက ဘယ်လာရုစ်-မြန်မာ ဆက်ဆံရေး၏ တက်ကြွစွာ သက်ဝင်လှုပ်ရှားနေမှုများကို မိမိအနေဖြင့် ဝမ်းမြောက်စွာ အမှတ်ရမိပါသည်။ နိုင်ငံတော်အဆင့်နှင့် အဆင့်မြင့်ပုဂ္ဂိုလ်များ၏ခရီးစဉ်များ၊ နိုင်ငံတကာမျက်နှာစာတွင် ထိတွေ့ဆက်ဆံမှုများ၊ နှစ်နိုင်ငံအခမ်းအနားများ၊ လက်မှတ်ရေးထိုးခဲ့သော စာချုပ်စာတမ်းများသည် နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး၊ သားချင်းစာနာထောက်ထားမှုနှင့် အခြားနယ်ပယ်များ၌ နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရာတွင် အခွင့်အလမ်းသစ်များကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ရေးအတွက် မိမိတို့အကြား သဘောတူညီချက်များကို အကောင် အထည်ဖော်မည့် ဘယ်လာရုစ်နိုင်ငံ၏ ကတိကဝတ်ကို မိမိအနေဖြင့် အတည်ပြုပြောကြားလိုကြောင်းပါ ဖော်ပြထားသည်။
ဆက်လက်၍ နှစ်နိုင်ငံအကြား အရေးကြီးကိစ္စရပ်များကို ဆွေးနွေးရန် ထပ်မံတွေ့ဆုံခွင့် မျှော်လင့်လျက်ရှိကြောင်း၊ အခွင့်ကြုံခိုက် အဆွေတော် ကျန်းမာပါစေကြောင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးအတွက် တာဝန်များထမ်းဆောင်ရာတွင် အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ဟု ဖော်ပြထားသည်။


