၄.၄.၂၀၂၆
Translated by Htwe Ko Tun
ဗြိတိန် (ယူနိုက်တက်ကင်းဒမ်း) နိုင်ငံတွင် လူသန်းပေါင်းများစွာ၏ နိုင်ငံတော်ပင်စင် လျှောက်ထားနိုင်သည့် အသက်အရွယ်ကို အသက် ၆၇ နှစ်အထိ တိုးမြှင့်မှုအား ဧပြီလ ၆ ရက်မှ စတင်မည်ဖြစ်ပြီး လစာငွေ ပေးချေမှုများလည်း မြင့်တက်လာမည်ဟု သိရသည်။
လက်ရှိ နိုင်ငံတော်ပင်စင်အသက်မှာ ၆၆ နှစ်ဖြစ်သော်လည်း နောက်နှစ်နှစ်အတွင်း ၆၇ နှစ်အထိ ရောက်ရှိသည်အထိ အဆင့်ဆင့် တိုးလာမည်ဖြစ်သည်။
ပထမဆုံးအကျိုးသက်ရောက်မှု ရှိမည့်သူများမှာ ၁၉၆၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်မှ မေလ ၅ ရက်အတွင်း မွေးဖွားသူများဖြစ်ပြီး အငြိမ်းစားလစာရရှိရန် တစ်လထပ်မံ စောင့်ဆိုင်းရမည်ဖြစ်သည်။
အစိုးရအနေဖြင့် ပင်စင်အသက်တိုးမြှင့်မှုများ ထပ်မံပြုလုပ်ရန် ပြန်လည်သုံးသပ်နေဆဲဖြစ်သော်လည်း ပြည်သူတို့၏ သက်တမ်းပိုမိုရှည်ကြာလာမှုနှင့်အတူ လူငယ်များစွာကလည်း အသက် ၇၀ ကျော်အထိ အလုပ်လုပ်ရန် ကြိုတင်မျှော်လင့်လာမှုကြောင့် ယခုလိုဆောင်ရွက်ချက်ကို လုပ်ဆောင်လာခြင်းဖြစ်သည်။
ယေဘုယျအားဖြင့် ပြည်သူများသည် နိုင်ငံတော်ပင်စင်အပြည့်အဝရရှိရန် အရည်အချင်းပြည့်မီသည့် အမျိုးသားအာမခံထည့်ဝင်ငွေ ၃၅ နှစ်ကြာ ထည့်ဝင်ဖို့ လိုအပ်မည်ဟုလည်း သိရသည်။
နိုင်ငံတော်ပင်စင် ရယူရမည့် အသက် ၆၆ နှစ်မှ ၆၇ နှစ်အထိ မြင့်တက်လာမှုကြောင့် ၂၀၃၀ ပြည့်နှစ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနကို တစ်နှစ်လျှင် ပေါင်စတာလင် ၁၀ ဘီလျံခန့် သက်သာစေမည်ဟုလည်း မျှော်လင့်ထားသည်။
Ref-BBC
