၄. ၄. ၂၀၂၆
Written by Nyein Kyaw
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ စားသုံးဆီ တန်ချိန်ငါးသောင်း ဆိုက်ကပ်လာမည်ဖြစ်ကြောင်း ယမန်နေ့ ဧပြီ ၃ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးမှ သိရသည်။
ဆီသယ်ယူပို့ဆောင်ရေးနှင့် ရောင်းချဖြန့်ဖြူးရေးလုပ်ငန်းများကို မိမိတို့ဒေသအသီးသီးတွင် ပြည်သူများ၏ ဧပြီလ စားသုံးဆီလိုအပ်ချက်နှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းဆီများကို တင်ပြထားသည့် စာရင်းများအတိုင်း စနစ်တကျ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။


ရန်ကုန်မြို့ရှိ ဆိပ်ကမ်းအသီးသီးသို့ သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ ဆိုက်ကပ်လာမည့် စားသုံးဆီ တန်ချိန် ငါးသောင်း အချိန်မီထုတ်ယူနိုင်ရေး၊ လက်ရှိ ဆီသိုလှောင်ကန်များပြည့်နေ၍ နေ့စဉ်ဆီထပ်တိုးထုတ်နိုင်ရန်အတွက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ စနစ်တကျစီစဉ်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် အသင်းဝင်များအနေဖြင့် ဌာနဆိုင်ရာများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းစဉ်များကို စနစ်တကျ ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သင့်ကြောင်းကိုလည်း အထူးအလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
