၄.၄.၂၀၂၆
Translated by Htwe Ko Tun
ရက်သတ္တပတ် ငါးပတ်ကျော်ကြာလာပြီဖြစ်တဲ့ အီရန်စစ်ပွဲအတွင်း အမေရိကန်ရဲ့ F-15E ဂျက်တိုက်လေယာဉ်တစ်စီးဟာ အီရန်တို့ဘက်က ပစ်ချမှုကြောင့် အီရန်နိုင်ငံအတွင်း ဧပြီလ ၃ ရက်ကပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါသူတစ်ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ဒုတိယတစ်စင်းဖြစ်တဲ့ A-10 Warthog တိုက်လေယာဉ်တစ်စီးဟာလည်း ပင်လယ်ကွေ့ဒေသမှာ ပျက်ကျခဲ့ရာမှာ လေယာဉ်မှူးကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောခဲ့ကြပါတယ်။
အီရန်စစ်တပ်ကလည်း ပစ်ချခံရတဲ့ F-15E Strike Eagle လေယာဉ်မှ ပျောက်ဆုံးနေသော အမေရိကန်နိုင်ငံသားကိုလည်း ရှာဖွေနေတယ်လို့ အမည်မဖော်လိုသူ အီရန်အရာရှိသုံးဦးက ပြောကြားခဲ့ပါတယ်။ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဟာ လေယာဉ်ပျက်ကျသွားတယ်လို့ ယုံကြည်ရတဲ့ နယ်မြေတစ်ခုကို ပိတ်ထားခဲ့တယ်လို့ အရာရှိတွေက ပြောကြားခဲ့ပါတယ်။

အမေရိကန်ဘက်ကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ အမေရိကန် UH-60 Black Hawk ရဟတ်ယာဉ်တစ်စင်းဟာ မြေပြင်မှပစ်ခတ်မှုကြောင့် ထိမှန်ခဲ့ပေမယ့် ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာတယ်လို့ အမေရိကန်နဲ့ အစ္စရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။
နောက်ထပ်အမေရိကန်စစ်လေယာဉ်တစ်စင်းဖြစ်တဲ့ A-10 Warthog တိုက်ခိုက်ရေးလေယာဉ်တစ်စင်းဟာလည်း F-15E လေယာဉ်နဲ့ တစ်ချိန်တည်းလောက်မှာပဲ ဟော်မုဇ်ရေလက်ကြားအနီးမှာ ပျက်ကျခဲ့ပြီး လေယာဉ်မှူးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့တယ်လို့ အမေရိကန်အရာရှိနှစ်ဦးက ပြောကြားခဲ့ပါတယ်။
လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကိုတော့ သူတို့က မပြောကြားခဲ့ပါဘူး။ အီရန်စစ်တပ်ကလည်း သူ့ရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေက A-10 တစ်စင်းကို ထိမှန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်အရာရှိတွေက လေယာဉ်ပျက်ကျခဲ့တဲ့နေရာကိုတော့ မဖော်ပြခဲ့ပါဘူး။ ခုလို ဂျက်လေယာဉ်တွေ ဆုံးရှုံးတာနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှုက အမေရိကန်အတွက် စစ်ရေးနဲ့ သံတမန်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖန်တီးပေးခဲ့ပြီး ပျောက်ဆုံးနေသော အမေရိကန်နိုင်ငံသားကို အကျဉ်းသားအဖြစ် ဖမ်းဆီးခံရပါက အခြေအနေက ပိုမိုဆိုးရွားလာမှာဖြစ်ပါတယ်။
သမ္မတထရမ့်ပ်က မကြာသေးမီရက်တွေက အီရန်ကို ကျောက်ခေတ်သို့ ပြန်လည်ရောက်ရှိအောင် ဗုံးကြဲမယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်နဲ့ အီရန်တို့ဟာ ဒေသတွင်းရှိ စစ်ဘက်နဲ့အရပ်ဘက်အခြေခံအဆောက်အအုံတွေကို အပြန်အလှန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြတာပါ။
Ref- New York Times
